ABC
လူ့အခွင့်အရေးအဖွဲ့တစ်ခုရဲ့အဆိုအရ မြန်မာအစိုးရ စစ်တပ်က ကချင်ဒေသအတွင်းမှာ စနစ်ကျကျနဲ့ ပြည်သူတွေကို ညှင်းပမ်းနှိပ်စက်မှုတွေ လုပ်နေတယ်လို့ ပြောလိုက်ပါတယ်။
ဘန်ကောက်မြို့ အခြေစိုက် Fortify Rights အဖွဲ့က မြန်မာ လုံခြုံရေးတပ် တွေရဲ့ နှိပ်စက် မှုကို ခံခဲ့ရသူနဲ့ မျက်မြင် ကိုယ်တွေ့ခဲ့သူ ၇၈ ယောက်ကို မေးမြန်း ထားတာဖြစ်ပါတယ်။
မြန်မာ စစ်တပ်၊ မြန်မာရဲနဲ့ ထောက်လှမ်းရေး တပ်တွေရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု အစီရင် ခံစာကို မြန်မာနဲ့ ကချင်တပ်တွေ အကြား စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားတဲ့ သုံးနှစ်မြောက် နှစ်ပတ်လည် အတွင်း အခုလို စွပ်စွဲချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြန်မာအစိုးရ လုံခြုံရေး တပ်တွေကနေ သူတို့ကို ထိုးနှက် ရိုက်နှက်တဲ့အပြင် လည်ပင်းတွေမှာ ဝိုင်ယာကြိုးတွေ ချည်နှောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကချင်ပြည်သူတွေဆီကနေ သတင်းအချက်အလက်တွေ ရရှိဖို့အတွက် အဓိကထားပြီး အခုလို နှိပ်စက်တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို နှိပ်စက်မှုတွေဟာ အခုလောလောဆယ်အချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ဒါဟာ စစ်ရာဇာဝတ်မှုနဲ့ လူသားများအပေါ် ကျူးလွန်တဲ့ ပြစ်မှု သက်ရောက်နိုင်တယ်လို့ Fortify Rights အဖွဲ့ရဲ့ အကြီးအကဲ Matthew Smith က ပြောပါတယ်။
ဒီလို စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ တုန့်ပြန်ချက်ရဖို့ မြန်မာအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုဝန်ကြီး ဦးရဲထွဋ်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လ အစာပိုင်းမှာ ပြန်လည်ဖြစ်ပွားတဲ့ ကချင်နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေကြောင့် လူပေါင်း တစ်သိန်းကျော် အိုးအိမ်မယ့် ဖြစ်ခဲ့ရပြီ ဖြစ်ပါတယ်။
အခုလောလောဆယ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးနီးပါး မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးယူထားပြီး ကချင်နဲ့ တအန်း-ပလောင်အဖွဲ့သာ သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
ကချင်စစ်ပွဲ ၃ နှစ်ပြည့်မှာ အပစ်အခတ်ချက်ခြင်းရပ်ဖို့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေတောင်းဆို
မနေ့ကကျရောက်တဲ့ ဇွန်လ ၉ ရက်နေ့ဟာ ကချင်ပြည်နယ်အတွင်း ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွား လာတဲ့ ၃ နှစ်ပြည့်နေ့ဖြစ်ပြီး အဲဒီနေ့မှာပဲ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်း တချို့နဲ့ ပြည်တွင်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ စစ်ပွဲတွေချက်ခြင်းရပ်ဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေကို တောင်းဆိုလိုက်ပါတယ်။
အခုလို စစ်ပွဲတွေရပ်ကြဖို့ ပူးပေါင်းတောင်းဆိုလိုက်တာနဲ့ ပက်သက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ယက်က မခွန်ဂျာက အခုလို ပြောပါတယ်။
“ဒီကချင်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး endorse လုပ်ထားတာ တစ်ခုရှိပါတယ်။ ဒီအရပ်သား အဖွဲ့အစည်းများ အနေနဲ့ ဒုက္ခသည်များအတွက် လှူဒါန်းကျပါဆိုတာမျိုး ငြိမ်းချမ်းရေး ပေးပါလို့ ပြောတာ မဟုတ်ဘဲ ဒီစစ်ပွဲကို ချက်ခြင်းရပ်ပါဆိုတဲ့ တောင်းဆိုတာဖြစ် ပါတယ်ရှင့်။ ၃ နှစ်ဆိုတာ လွန်လွန်းလှပြီပေါ့။ ချက်ခြင်းရပ်ပါဆိုတဲ့ သတင်း Message ဖြစ်ပါတယ်ရှင့်”
အခုလို တောင်းဆိုတာဟာ အားလုံးရဲ့ တူညီတဲ့ ဆန္ဒတစ်ခုဖြစ်သလို နိုင်ငံတကာက အဖွဲ့အစည်းတွေအပြင် ပြည်တွင်း အဖွဲ့အစည်းတွေကလည်း ဒုက္ခသည်တွေအပေါ် ကူညီပံ့ပိုးမှုတွေပေးအပ်ဖို့လည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်း ပြည်ပ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၅၀ လောက်က အပစ်အခတ်ချက်ခြင်းရပ်ဖို့ မနေ့တုန်းက ထုတ်ပြန်ချက်တွေ တောင်းဆိုချက်တွေ ပြုလုပ်သလို ပြီးခဲ့တဲ့ စနေနေ့တုန်းကလည်း ကချင်ပြည်နယ်တွင်းဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရပ်ဆိုင်းရေးအတွက် သရုပ်ပြ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့ တဝိုက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ နယ်စပ်ဒေသတလျှောက်မှာ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၁ သိန်းကျော်ရှိနေပြီး ပြီးခဲ့တဲ့ လအထိ တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။
ဒုက္ခသည်တွေ ကူညီထောက်ပံ့ပေးမှုနဲ့ စပ်လျဉ်းပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြ ထားမှုတွေရှိသလို အခုလထဲမှာဘဲ ဗြိတိန်နိုင်ငံကနေ အမေရိကန် ဒေါ်လာ ၃ သန်းထောက်ပံ့ ကူညီဖို့ စီစဉ်ထားတာတွေ ရှိတယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာကနေ သိရတဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် စူးရှ က သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment