Thursday, June 12, 2014

နိုင်ငံခြားဟိုတယ် အများအပြား ခွင့်ပြုပေးရန်ရှိဟု MIC အတွင်းရေးမှူးဆို

Mizzima

မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှပ်နှံလိုသည့် နိုင်ငံခြားဟိုတယ်အများအပြား ခွင့်ပြုပေးရန် စိစစ်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

“၂ဝ၁၄ ခုနှစ်ထဲမှာ နိုင်ငံခြားဟိုတယ်တွေ တော်တော်များများကို ခွင့်ပြုပေးသွားဖို့ရှိတယ်။ ဟိုတယ် လုပ်ငန်းက ဦးစားပေးလုပ်ငန်းကဏ္ဍထဲမှာပါတယ်။ အခု စိစစ်ဆဲ ကာလမို့ အရေအတွက်တော့မပြောချင်သေး ဘူး။ စိစစ်ပြီးရင် ခွင့်ပြုပေးသွားမှာပါ ” ဟု ၎င်းက ပြောသည်။

၂ဝ၁၄ခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်အစည်းအဝေး ၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး နိုင်ငံခြားဟိုတယ်လုပ်ငန်း ငါးခုကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

၂ဝ၁၄ခုနှစ် ဧပြီလကုန်စာရင်းများအရ နိုင်ငံခြားဟိုတယ်လုပ်ငန်းများ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၁၈၅၄ ဒသမ ၉သန်းရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံရင်းနှီးမြှပ်နှံမှုအများဆုံးကဏ္ဍစာရင်းတွင် အဆင့်ငါးရရှိထားသည်။

လက်ရှိအစိုးရတက်ရောက်ပြီးနောက်ပိုင်းတွင်မှ ဟိုတယ်လုပ်ငန်းကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဝင်ရောက်မှု များပြားလာခြင်းဖြစ်ပြီး ၂ဝဝ၁ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ နိုင်ငံခြားဟိုတယ်လုပ်ငန်းများရ င်းနှီးမြှပ်နှံမှု ကန်ဒေါ်လာ ၁၈ ဒသမ ၇၆၅သန်းသာ ဝင်ရောက်ခဲ့သည်။

ယခင် စစ်အစိုးရတက်ရောက်ပြီး နောက်ပိုင်းမှ အမေရိကန်စီးပွားရေးပိတ်ဆို့မှု မတိုင်မီ ၂ဝဝ၁ ခုနှစ်အထိ ဟိုတယ်လုပ်ငန်းကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကန်ဒေါ်လာ ၁ဝ၃၁ ဒသမ ဝ၆၁ သန်းဝင်ရောက်ခဲ့သည်။ စီးပွားရေးပိတ်ဆို့မှုစတင်ခဲ့သည့် ၂ဝဝ၂-ဝ၃ ဘဏ္ဍာနှစ်မှ ၂ဝ၁၁-၁၂ဘဏ္ဍာနှစ်အထိ ဟိုတယ်လုပ်ငန်းကဏ္ဍသို့ ကန်ဒေါ်လာ ၁၉သန်းခန့်သာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရစတင်တက်ရောက်ခဲ့သည့် ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်တွင်လည်း ဟိုတယ်လုပ်ငန်းကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဝင်ရောက်ခြင်းမရှိဘဲ ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၃ဝဝ၊ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄၃၅ ဒသမ ၂၁ဝ သန်း၊ လက်ရှိဘဏ္ဍာနှစ် ဧပြီလကုန်အထိ ကန်ဒေါ်လာ ၅၄ ဒသမ ၈၇၉သန်း ဝင်ရောက်မြှပ်နှံခဲ့ခြင်းဖြစ်သည်။

No comments: