ABC
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ တတိယ အကြိမ်မြောက် အစည်းအဝေးမှာ ဗဟိုကော်မတီ လစ်လပ်မှု နေရာတွေမှာ အစားထိုးဖို့၊ NLD ပါတီရဲ့ စည်းကမ်းထိမ်းသိန်းရေး အပိုင်းတွေကို တိုးမြှင့် ညှိနှိုင်းဖို့နဲ့ ကော်မတီဝင်တွေရဲ့ တာဝန်ခွဲဝေမှုကို ပြန်လည် ပေးအပ်ဖို့ဆိုတဲ့ အချက်တွေကို ဆုံးဖြတ်ခဲ့ကြကြောင်း မနေ့က ထုတ်ပြန်တဲ့ အစည်းအဝေးရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်NLD ပါတီအနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ပါတီကို ခြိမ်းခြောက်မှုတွေ ရှိလာရင် ဥပဒေအရ အရေးယူ တိုင်ကြား မှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လူထု ဆန္ဒ ကောက်ခံနေတဲ့ NLD ပါတီရဲ့ မြို့နယ် အဖွဲ့ဝင်တွေ ကို ဥပဒေမဲ့ ခြိမ်းခြောက် မှုတွေကြုံတွေ့ ခဲ့ရပြီး ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပက်သက်ပြီး အခြေအတင် ပြသနာ အချို့ ဖြစ်ပွားခဲ့ပါတယ်။
ဒီလို ကိစ္စတွေနဲ့ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က အခုလို ပြောပြပါတယ်။
“လုပ်ငန်းစဉ်က ဥပဒေ ဘောင်အတွင်းက လုပ်တာဆိုတော့ ကျွန်တော်တို့ ဆက်ဆောင်ရွက်သွားမှာပါ။ တစ်ခုတော့ ရှိတယ်ပေါ့ဗျာ။ တစ်ခြား မပြင်ချင်တဲ့ သူတွေကလည်း ဥပဒေ ဘောင်အတွင်းက မပြင်ချင်ကြောင်း ပြောပေါ့။ ဥပဒေမဲ့တော့ တန်ပြန်ဆန္ဒပြတဲ့ သဘောတော့ မဖြစ်သင့်ဘူးလေ။ အဲဒီလို တန်ပြန် ဆန္ဒပြတယ်ဆိုရင် အဲဒီလူတွေဟာ တိုင်းပြည် တည်ငြိမ် အေးချမ်းမှုအတွက် သူတို့မှာ တာဝန်ရှိမှာပဲ။ ကျွန်တော်တို့ကတော့ ဥပဒေနဲ့ အညီ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် လုပ်နေတာပဲ။”
NLD ပါတီအနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ အချိုးကျ ကိုယ်စားပြု PR စနစ်ကို လက်မခံနိုင်ကြောင်း အမြင်တွေ အပေါ် တစ်ချို့ ပါတီတွေနဲ့ ပြည်သူအချို့ကြား ဝေဖန်မှုတွေရှိနေပြီး NLD ပါတီအနေနဲ့ ဒီအတွက် ပြင်ဆင်ထားမှု တွေရှိတဲ့အကြောင်း ရေဒီယို သြစတြေးလျသတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ ပါတယ်။
မကွေးမြို့မှာ ပြုလုပ်မယ့် ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဟန့်တားခံနေရတဲ့
မကွေးမြို့မှာ ပြုလုပ်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ လှုံ့ဆော်တာတွေကို ဒေသခံ အာဏာပိုင်တွေက ဟန့်တားနှောက်ယှက်မှုတွေပြုလုပ်ခဲ့ပေမယ့် ဟောပြောပွဲကို ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဟောပြောပွဲကို ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်တဲ့အကြောင်း မကွေးမြို့က NLD ပါတီ တာဝန်ရှိသူ ကိုနေမျိုးကျော်က အခုလိုပြောပြပါတယ်။
“ဥပဒေအရ ကြောင်းကျိုးဆီလျော်မှု မရှိတာတွေကို လုပ်နေပါစေ။ ဒါဟာ အမျိုးသား ဒီမိုကရေစီ အတွက် တစ်ခုတည်း မဟုတ်ဘူး။ ဒါဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး ပွင့်လင်းလူ့အဖွဲ့ အစည်းတစ်ခုတည်း အတွက်မဟုတ်ဘူး။ တပ်မတော်သား တွေရော ပြည်သူ့ဝန်ထမ်းတွေရော ပြည်သူအားလုံးအတွက်ရော အမျိုးသားရေး လှုပ်ရှားမှုတစ်ခု အဖြစ် ယုံကြည်ယူဆတဲ့အတွက် ပြည်သူလူထုအားနဲ့ သွားဖို့ပြင်ဆင်ထားပါတယ်။”
ဟောပြောပွဲ အခမ်းအနားပြုလုပ်ဖို့ လွန်ခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကတည်းက သက်ဆိုင်ရာ အဆင့်ဆင့်ကို ခွင့်ပြုမိန့် တောင်းခံခဲ့ပေမယ့် မပေးခဲ့တဲ့အပြင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံ အဖွဲ့သားတွေ၊ စည်ပင်သာယာရေးက လူတွေ၊ မီးသတ်ဌာနက လူတွေစုပေါင်းပြီး အခမ်းအနား မကျင်းပဖြစ်အောင် လုပ်ဆောင်နေကြတယ်လို့လည်း ၈၈-မျိုးဆက်က တာဝန်ရှိသူ ဦးလှစန်းကလည်း အခုလို ပြောပြပါတယ်။
"လှုံ့ဆော်ရေးလိုက်တဲ့အခါမှာ မီးသတ်ကားနဲ့၊ ထွေအုပ်ကလူတွေလည်းပါတယ်။ မီးသတ်ကားပေါ်မှာ မီးသတ်ကားနဲ့ လိုက်ပြီးတော့ ရန်သူမျိုးငါးပါး သီချင်းတွေဖွင့်ပြီး လိုက်ပြီးတော့ လှုံဆော် ရေးကား နောက်ကလိုက်ပြီး အော်ပါတယ်။ စည်ပင်သာယာရေး ကလည်းအော်တယ်။ ပြီးတော့ ခွင့်မပြုပါဘူးလို့ ခေါ်ပြောပါတယ်။”
မြန်မာနိုင်ငံရဲ့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၃၆) ကို ပြင်ဆင်နိုင်ဖို့အတွက် မေလ ၁၇ ရက်နေ့ နဲ့ ၁၈ ရက်နေ့တွေကစပြီး NLD နဲ့ ၈၈ တို့ ပူးပေါင်း လုပ်ဆောင်လာခဲ့တာဖြစ်ကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မေငယ်က သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment