Monday, November 3, 2014

နာဂရိုးရာပွဲတော် ငွေရတုပြည့် ကျင်းပမည်

အောင်ကိုဦး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့တွင် ၂၅ နှစ်ပြည့် ငွေရတုနာဂရိုးရာပွဲ ကျင်းပသွားမည်ဟု နာဂရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှ ပွဲတော်ကျင်းပရေး အဖွဲ့နာယက ဦးလှဖေ က မဇ္ဈိမကို ပြောသည်။

အဆိုပါပွဲတော်ကို နှစ်သစ်ကူးချိန် ဇန်နဝါရီလ ၁၃ ရက်မှစတင်၍ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး နာဂလူမျိုးများစည်း လုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု ဆို သည်။

“နာဂရိုးရာပွဲကျင်းပရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ရိုးရာဓလေ့ မပပျောက်အောင် ထိန်း သိမ်းကာကွယ် စောင့်ရှောက်ဖို့အတွက်ပဲ။ ပြီးတော့ အနုပညာ၊ ယဉ်ကျေးမှုနဲ့တစ်ဦးကိုတစ်ဦး စောင့်ရှောက် ဖို့ စိတ်တွေဝင်လာဖို့လည်း လုပ်တာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

နာဂဒေသဖွံ့ဖြိုးရေးအတွက် နာဂလူငယ်များသာ လုပ်ဆောင်သွားနိုင်ရန်နှင့် နာဂမျိုးနွယ်စုအချင်းချင်း ချစ် ကြည်ရင်းနှီးမှုများ ဖြစ်စေရန် ရည်ရွယ်၍ ပွဲတော်ကို ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် နာဂရိုးရာပွဲတော်ကို နာဂမျိုးနွယ်စုအများစု နေထိုင်ရာ ခန္တီးမြို့တွင် ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။ အဆိုပါ ငွေရတုပွဲတွင် မီးပုံပွဲ၊ ရိုးရာဝတ်စားဆင် ယင်မှုပြပွဲနှင့် အခြားသော နာဂရိုးရာ အားကစားပြိုင်ပွဲများ ပါဝင်မည်။

No comments: