Thursday, November 27, 2014

စက္ကူပေါ်သာ ရှိနေသည့် ဥပဒေများ အကျိုးမပြုသဖြင့် နည်းဥပဒေများထုတ်ရန် ဒေါ်အောင်ဆန်းစုကြည် အရေးကြီးအဆိုတင်သွင်း

ဝင်းကိုကိုလတ်

ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေများသည် နိုင်ငံတော်၏ လိုအပ်ချက်နှင့် အညီ အကောင်အထည်ဖော်နိုင်ရန် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တင်သွင်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ရဲ့ အဓိကတာဝန်ကတော့ ပြည်သူနဲ့ နိုင်ငံကို အကျိုးပြုမယ့် ဥပဒေများ ထုတ်ပြန်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေတွေဟာ ပြည်သူတွေရဲ့ဘ၀ တွေကို တကယ်ထိရောက်မှုရှိမှသာလျှင် ပြည်သူ့အကျိုး ပြုတယ်လို့ ဆိုနိုင်မှာပါ။ စက္ကူပေါ်မှာပဲ ရှိနေတဲ့ ဥပဒေတွေ ဆိုရင်တော့ ပြည်သူတွေကို တကယ်အကျိုးမပြုနိုင်ပါဘူး” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ငွေချေးသက်သေခံလက်မှတ်များ ရောင်းချရေး ဥပဒေ၊ တောင်သူလယ်သမား အကျိုးစီးပွားရေး ကာကွယ်ရေး ဥပဒေ၊ အနည်းဆုံး လုပ်ခလစာ၊ အမျိုးသားပညာရေးဥပဒေ စသည့်ဥပဒေ များကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီးသော်လည်း အစိုးရအဖွဲ့ အနေဖြင့် နည်းဥပဒေများပြဋ္ဌာန်း ရန် လိုအပ်နေသည်ဟုဆိုသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးခင်မောင်ညိုက ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေပေါင်း ၁၄၀ ခန့်တွင် နည်းဥပဒေမှာ ၄၀ ခန့်သာ ထွက်ရှိထားသည်ဟု ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီးသော ဥပဒေများအား သက်ဆိုင်ရာ အစိုးရအဖွဲ့က ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ရည်ရွယ်ချက်တွေ အများကြီးနဲ့ ထုတ်ပြန်တဲ့ ဥပဒေတွေဟာ နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ မထုတ်ရသေးတော့ သက်ရောက်မှုမရှိ ဖြစ်နေတာကို သိရပါတယ်” ဟု ဆိုသည်။

ထို့ပြင် သတင်းမီဒီယာဥပဒေပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း နည်းဥပဒေမထွက်သေးသည့်အတွက် သတင်းလုပ်ငန်း လည်ပတ်မှု တိုးတက်သင့်သလောက် မတိုးတက်ပဲဖြစ်ကာ သံသယများ၊ စိုးရိမ်မှုများ တစ် နှစ်ထက်တစ်နှစ် ပိုများလာသည်ကို တွေ့ရသည်ဟု ဆိုသည်။

၎င်းက “ကျွန်မတို့ မီဒီယာဟာ တကယ်ပဲ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီပြီးတော့ ပြည်သူလူထုကို အကျိုးပြု နိုင်မယ့် မီဒီယာ ဖြစ်စေချင် ပါတယ်။ ကောင်းသော အုပ်ချုပ်မှုဆိုတာ ပွင့်လင်းမြင်သာမှုနဲ့တာ ၀န်ယူမှု အပေါ်မှာ မှုတည်တယ်ဆိုရင် ပွင့်လင်းမြင်သာမှုကို အထောက်အကူပေးမယ့် မီဒီယာရဲ့ကဏ္ဍဟာ အင်မ တန်အရေးကြီးပါတယ်။ ဒါကြောင့်မို့ နည်းဥပဒေတွေ မထွက်မခြင်း ကျွန်မတို့လိုအပ်တဲ့ စတုတ္ထမဏ္ဍိုင်ကို ပံ့ပို့ပေးမယ့်ကိစ္စတွေဟာ ဖြစ်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။

အဆိုရှင် ဒေါ်အောင်ဆန်းစုကြည်၏အဆိုအား ပြည်ခိုင်ဖြိုးပါတီ၊ ကန်ပတ်လတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ထောက်ခံခဲ့ပြီး လွှတ်တော်တွင် ကန့်ကွက်သူမရှိ ဆုံးဖြတ်ကာ ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်၏ဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု ပြန်လည်ပြောဆိုခဲ့သည်။

No comments: