Wednesday, November 12, 2014

မန်းတွင် မော်တော်ယာဉ် စလစ်များကို ကုမ္ပဏီများမှ လွဲ၍ ပြင်ပဝယ်ယူမှုမရှိ

မျိုးသန့်

မန္တလေးခရိုင်အတွင်းတွင် မော်တော်ယာဉ် အပ်နှံမှုမှရရှိသော စလစ်များကို ပြင်ပတွင် ဝယ်ယူသူ လုံးဝမရှိတော့ကြောင်း မန္တလေးမြို့မော်တော်ယာဉ် ဝါရင့်ပွဲစားတစ်ဦး ဖြစ်သည့် ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

"စလစ်ဈေးတန်းကလည်း ကျတယ်၊ အရင်လက ဇုန်ထုတ်လိုက်ထရပ် ကားဈေးထက်စာရင် အခု ၁၀ သိန်း ဝန်းကျင်လောက် ကျတယ်။ တခြားကားတွေက အကျတော့ မကြမ်းပေမယ့် ဝယ်ယူသူလည်း မရှိဘူး၊ ကုမ္ပဏီတချို့ကလည်း နာမည်ပေါက်ရအောင် ကားကိုပဲဝယ်တယ်။ စလစ်ကိုတော့ မဝယ်ဘူး" ဟု ၎င်းက ပြောသည်။

လက်ရှိ မော်တော်ယာဉ်အပ် ကားပေါက်ဈေးများအဖြစ် ဇုန်ထုတ် လိုက်ထရပ်များမှာ ယခင်လ ၅၅ သိန်း ယခု ၄၃ သိန်းခန့်၊ သုံးဘီးယာဉ် ကျပ်သိန်း ၂၀ ဝန်း ကျင်၊ ဂျစ်ကား ၄၃ သိန်းဝန်းကျင်၊ ၂က တန်းဖြစ်သည့် ဆန်နီ၊ စူပါဆလွန်း၊ ဗင်တို့မှာ ကျပ် ၅၅-၅၆ သိန်း ဝန်းကျင်သာရှိကြောင်း ကားပွဲစားများက ပြောသည်။

ကုမ္ပဏီများက အဆိုပါ ကားများကို ဝယ်ယူပြီး ကားအသစ်ဝယ်ယူလိုသူများ နာမည်ပေါက် လုပ်ဆောင်ပေးရန်ဖြစ်သည်။ ထို့ကြောင့် ဈေးနှုန်းကိုလည်း ပေါက်ဈေး အောက်ရောက်သော ဈေးတန်းတစ်ခုကို ပေး၍ ဝယ်ယူနေသည်ဟုလည်း ကားပွဲစားများက ဆိုသည်။

"အရင်က ရန်ကုန်ကနေ စလစ်ကောက် ပေးဖို့ လုပ်ပေးရပေမယ့် ကားတင်သွင်းခွင့် မူဝါဒတွေလျှော့ပေါ့ ပေးလာလို့ အဝယ်မရှိ သလောက်ဖြစ်သွားတာ" ဟု စလစ်ဝယ်ပေးရသူ ကိုနိုင်က ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မန္တလေးတိုင်းအတွင်းတွင် နိုဝင်ဘာလထိ အပ်နှံသည့် စာရင်းများအရ ဇုန်ထုတ်ကားအစီးရေ ၄,ဝ၅၃ စီး၊ သုံးဘီး ၁၈၈ စီး၊ နှစ် ၂၀ ယာဉ် ၁၄၃ စီးရှိကြောင်း၊ အခြားအပ်နှံသည့်ယာဉ်များ ပါဝင်ပါက ကညနတွင် ၃၃,၆၂၆စီး နှင့် မြင်းခြံ သံမဏိစက်ရုံသို့ အပ်နှံပြီး အစီးရေ ၃၂,၉၉၈ စီး ရှိသည်ဟု အဆိုပါဌာနရှိ စာရင်းများတွင် ဖော်ပြထားသည်။

No comments: