Sunday, November 16, 2014

တိုင်းရင်းသား ဒေသ အခြေအနေ များကို နိုင်ငံ တကာမှ လစ်လျူ ရှူ့ထားဟု တိုင်းရင်းသား လူမှု အဖွဲ့အစည်းများ ထောက်ပြ

ရွှေဟင်္သာ

မြန်မာ နိုင်ငံတွင် နိုင်ငံရေး အပြောင်း အလဲများ ဖြစ်ပေါ် နေသည်ဟု ဆိုသော်လည်း တိုင်းရင်းသား ဒေသ များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး လူ့အခွင့် အရေး ချိုးဖောက်မှု ခံနေရသည့် ဖြစ်စဉ်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ လစ်လျှူရှူ့ ထားသည်ဟု ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်တွင် နိုဝင်ဘာ(၁၂) ရက်နေ့က ပြုလုပ်သည့် ‘Attack on Peace’ ဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်း ပွဲတွင် တိုင်းရင်းသား လူမှု အဖွဲ့အစည်း များမှ ထောက်ပြ ဝေဖန် ခဲ့ပါသည်။

အတန်အသင့် ပြောင်းလဲ လာသည့် မြန်မာ့ နိုင်ငံရေး အခြေအနေ များကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း များမှ လက်ရှိ တိုင်းရင်းသား ဒေသမှ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေမှု ၊ လူ့အခွင့်ရေး ချိုးဖောက်မှု စသည့် ဖြစ်စဉ် များအပေါ် လစ်လျှူရှု့ လာသည့် အတွက် အဖြစ် မှန်အား တင်ပြ ရခြင်း ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ မနန်းခွမ်လိတ်က ရွှေဟင်္သာသတင်း ဌာနအား နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ပြောကြားသည်။

"ရှမ်းပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ တိုက်ပွဲ ဖြစ်နေတယ်။ ကချင် ဖက်မှာလဲ အစိုးရက တပ်တွေ ထပ်တိုးချဲ့ လာတယ်။ ကရင် ဖက်မှာလဲ တိုက်ပွဲတွေ ဆက်ဖြစ် နေတယ်။ လူ့အခွင့် အရေး ချိုးဖေါက်မှု တွေရော ဒုက္ခသည် အရေး ကိစ္စ တွေရော ဆက်လက် ဖြစ်နေတယ်၊ နိုင်ငံ တကာ အဖွဲ့ တွေက တိုင်းရင်းသား နယ်မြေမှာ ဖြစ်နေတဲ့ အဖြစ်ပျက် တွေကို လစ်လျှူရှု့ လာခဲ့တယ်။ သိပ်ပြီး မပြောလို ကြဘူး။ တိုင်းရင်းသား ဒေသမှာ စစ်ရေး တင်းမာ နေတာတို့ လူ့အခွင့် အရေး ချိုးဖေါက် နေတဲ့ ကိစ္စတွေ ကိုပေါ့နော်” ဟု မနန်း ခွမ်လိတ်က ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တို့အကြား အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထား ကြပြီး ဖြစ်သောကြောင့် တိုင်းရင်းသား ဒေသ များတွင် ထိုးစစ်များ ရပ်တန့် ပေးရန် တောင်းဆို လိုကြောင်းလည်း မနန်းခွမ်လိတ်က ဆက်ပြောသည်။

ထို့ပြင် နိုဝင်ဘာလ (၁၁) ရက်နေ့က သမ္မတ အိုဘားမားထံ လိပ်မူ ပေးပို့ ထားသည့် ကချင် အဖွဲ့ အစည်း (၂၈) ဖွဲ့၏ စုပေါင်း အိတ်ဖွင့် ပေးစာ ၌လည်း ကချင် ဒေသရှိ တိုက်ပွဲများ အတွင်း၌ ထွက်ပြေး နေကြသည့် စစ်ပြေး ဒုက္ခသည် များမှာ လူသားခြင်း စာနာမှု အကူအညီများ လိုအပ် နေကာ နိုင်ငံတကာာ အဖွဲ့အစည်း များမှ ဒေသ အခြေစိုက် လူမှု အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်၍ အကူအညီ ပေးရန်လည်း တောင်းဆို ရေးသား ထားပါသည်။

လက်ရှိ၌ ငြိမ်းချမ်ရေး ဆွေးနွေးမှုများ အပါအဝင် မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များအား အကူအညီ ပေးရာ၌ မြန်မာ အစိုးရနှင့် အစိုးရ သြဇာခံ အဖွဲ့များ သို့သာ နိုင်ငံတကာမှ အကူအညီ ပေးနေမှု ရှိပြီး ထိုသို့ အကူအညီ ပေးခြင်းသည် ဆွေးနွေးပွဲနှင့် ညှိနှိုင်းမှု များအား တစ်ဖက် စောင်းနင်း ဖြစ်သွား စေနိုင်ကြောင်းလည်း ကချင် အဖွဲ့အစည်း များ၏ အိတ်ဖွင့် ပေးစာ ပြောရေး ဆိုခွင့် ရှိသူ ဒေါ်ခွန်ဂျာ ကလည်း နိုဝင်ဘာလ (၁၂) ရက်နေ့၌ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံ ဇင်းမယ် တက္ကသိုလ်တွင် နိုဝင်ဘာ (၁၂) ရက်နေ့က ကျင်းပခဲ့သည့် ‘Attack on Peace’ ဆိုသည့် ခေါင်းစဉ်နှင့် ဆွေးနွေး ပွဲအား ကချင် အမျိုးသမီး အဖွဲ့၊ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၊ ကရင် လူ့အဖွဲ့အရေး အဖွဲ့တို့မှ ဦးဆောင် ကျင်းပ ခဲ့ပြီး တက္ကသိုလ်မှ ပါမောက္ခများ ဆရာ၊ ဆရာမများ နိုင်ငံတကာ သတင်းအဖွဲ့ များနှင့် နိုင်ငံခြား သံရုံး အရာရှိများ တိုင်းရင်းသား လူထု အခြေပြု အဖွဲ့မှ ပုဂ္ဂိုလ်များ စုစု ပေါင်း (၂၀၀) ဦးကျော် တက်ရောက် ခဲ့ပါသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အဖွဲ့၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား တွေ့ဆုံ ဆွေးနွေး မှုများ အကြိမ်ကြိမ် ပြုလုပ် နေသော်လည်း တစ်ဖက်နှင့် တစ်ဖက် တို့အကြား ယုံကြည်မှု အားနည်း နေသည့် အနေ အထားကြောင့် ငြိမ်းချမ်ရေး ဆွေးနွေး ပွဲများ ဆက်ဆက် ဆွေးနွေး ရာတွင် အခက်အခဲ ရှိနေ သေးသည်ဟု မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) ၏ တွေ့ဆုံ ဆွေးနွေးရေး ဌာန တွဲဖက် ဒါရိုက်တာ ဦးအောင်နိုင်ဦးက နိုဝင်ဘာ (၁၂) ရက်နေ့တွင် ရွှေဟင်္သာ သတင်းဌာနသို့ ပြောသည်။

“အခု စစ်ရေး ပြသနာ တွေက ဆွေးနွေးပွဲ တွေမှာ မပြေလည် သေးလို့ ဖြစ်နေတဲ့ သဘော ပါဘဲ။ ဆွေးနွေးပွဲ ပြေလည် သွားရင် ဒီပြသနာတွေ ချုပ်ငြိမ်း သွားပါ လိမ့်မယ်။ အခု အချိန်မှာ တယောက်နဲ့ တယောက် ယုံကြည်မှု အားနည်းနေ သေးတယ်။ ဒီအနေအထား မှာတော့ ပဋိပက္ခတွေ ဆက်ပြီး ရှိနေ ဦးမယ်။ ဆွေးနွေးပွဲ တွေရဲ့ သဘော သဘာဝကို ကြည့်ရင်လဲ အင်မ တန်ကို အခက်ခဲ တွေနဲ့ ရင်ဆိုင် ရတဲ့ အနေအထားမျိုး ဖြစ်လာတယ်” ဟု ဦးအောင်နိုင်ဦး က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၂) ရက်နေ့မှ (၂၅) ရက်နေ့ အထိ ရန်ကုန် မြို့တွင် ကျင်းပ ခဲ့သည့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ တို့၏ တွေ့ဆုံ မှုတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အချောသတ် မူကြမ်း ရရှိရန် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး တပ်ပိုင်း ဆိုင်ရာ ကိစ္စ အပိုင်းတွင် သဘော တူညီချက် မရရှိ ခဲ့ပေ။

ယခုလ နှောင်းပိုင်း၌ မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) အဖွဲ့နှင့် တိုင်းရင်သား လက်နက်ကိုင် အဖွဲ့ များ စုဖွဲ့ ထားသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့အကြား ထပ်မံ တွေ့ဆုံ နိုင်ကြရန် UPWC ဘက်မှ တင်ပြ ထားသော်လည်း တွေ့ဆုံ နိုင်မည့် ရက်ကို NCCT ဘက်မှ အကြောင်း ပြန်ကြားမှု မရှိ သေးကြောင်း သိရှိ ရသည်။

No comments: