အေအက်ဖ်ပီ (ဘန်ကောက်)
ထိုင်းနိုင်ငံတောင်ပိုင်း ကျွန်းတစ်ကျွန်းပေါ်တွင် ဗြိတိန်နှစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ခုကို လေ့လာ သုံးသပ်ပြီးနောက် ဗြိတိန်ရဲတပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကာ ၎င်းတို့၏ တွေ့ရှိချက်များကို အစီရင်ခံစာတစ်ခုအဖြစ် စုစည်းတင်ပြလိမ့်မည်ဖြစ်ကြောင်း စကော့တလန်ယာ့ဒ်က နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံသားများဖြစ်သော သတ်ဖြတ်ခံရသည့် အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မီလာနှင့် မုဒိမ်းကျင့် သတ်ဖြတ်ခံရသော အသက်၂၃ နှစ် အရွယ် ဟန်နာဝစ်သာရစ်ဂ်ျ တို့၏ အလောင်းများကို စက်တင်ဘာလက ကိုတောင်ကျွန်းတွင် ဒဏ်ရာများနှင့် တွေ့ရှိပြီး နောက်ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို လေ့လာရန် လွန်ခဲ့သည့်လက ဗြိတိန်မှစုံထောက်များ ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေစဉ် အမှုနှင့်ပတ်သက်၍ စိုးရမ်ကြောင်းထုတ်ဖော်ပြောဆိုကာ အကူအညီပေးလိုကြောင်း ဗြိတိန်က ကမ်းလှမ်းခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုကို ဗြိတိန်ရဲတပ်ဖွဲ့ဝင်များ လာရောက်လေ့လာရန် ထိုင်းအားဏာပိုင်များက ခွင့်ပြုပေးခဲ့သည်။ "ဖြစ်နိုင်သမျှအားလုံး သူတို့အလုပ်တွေပြီးစီးသွားပါပြီ" ဟု နိုဝင်ဘာလ ၁၁ ရက်ကထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် ထိုင်းမြို့တော်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဗြိတိန်စုံထောက်များအနေဖြင့် ယူကေသို့ပြန်ကာ ၎င်းတို့၏ တွေ့ရှိချက်များကို စုစည်းကာ နောက်ဆုံးအခြေအနေများကို သတ်ဖြတ်ခံရသူ များ၏ မိသားစုများသို့ တင်ပြလိမ့်မည်ဟုလည်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။ ဗြိတိသျှစုံထောက်များ ထိုင်းနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း မြို့တော်ရဲတပ်ဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက အတည်ပြုခဲ့သည်။
စွပ်စွဲခံသူ မြန်မာနှစ်ဦးမှာ မဆိုင်ဘဲဒဏ်ခံနေရသူများမဟုတ်ကြောင်း ထိုင်းအာဏာပိုင်များက အခိုင်အမာငြင်းဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် ခိုင်မာသည့်သက်သေအထောက်အထားပေါ်တွင် အမှုကိုတည်ဆောက်ထားခြင်းဖြစ်သည်ဆိုသည်။ ကနဦးစစ်ဆေးချက်များမှ စွပ်စွဲခံရသူများ၏ ဒီအင်အေသည် ဝစ်သာရစ်ဂ်ျထံမှ ရသည့် ဒီအင်အေနမူနာများနှင့် ကိုက်ညီမှုရှိသည်ဆိုသည်။
No comments:
Post a Comment