Saturday, November 8, 2014

လေဆင်နှာမောင်း မွှေခဲ့ခြင်းကြောင့် မီးပြတ်ခဲ့သည့်ရက်ကွက်များ ယနေ့ည လျှပ်စစ် ပြန်ရမည်

နန်းမြင့်

လေဆင်နှာမောင်း တိုက်ခတ်ခြင်းကြောင့် လျှပ်စစ် ဓါတ်အားပြတ်တောက်ခဲ့သည့် လှိုင်မြို့နယ် ၁၂၊ ၁၃ နှင့် ၁၆ ရပ်ကွက်များသို့ နိုဝင်ဘာ ၇ ရက် ညနေတွင် လျှပ်စစ်မီး ရာနှုန်းပြည့်ပြန်ပေးမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်က မဇ္ဈိမကို ပြောသည်။

“မီးပေးနိုင်အောင်လုပ်နေတယ်။ ၆၆ ကေဗီလိုင်းကို ဒီနေ့ (နိုဝင်ဘာလ ၇ ရက်) ဒီနေ့ညနေ အကုန်မီးပေးမယ်” ဟု ပြောသည်။

အဆိုပါ လေဆင်နှာမောင်းကြောင့် လျှပ်စစ်တိုင်များ ကျိုးခြင်း၊ လဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဓါတ်အားလိုင်းဖြတ်တောက်ခဲ့ရပြီး အဆိုပါ တိုင်များ ပြန်လည်ပြင်ဆင်စိုက်ထူခြင်းကို နိုဝင်ဘာ ၇ရက် ညနေတွင် အပြီးလုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါလေဆင်နှာမောင်းသည် နိုင်ဝင်ဘာလ ၆ရက် နံနက် ၆နာရီ ၃၀ မိနစ်ဝန်းကျင်းတွင် လှိုင် မြို့နယ်၊ ၁၂ ရပ်ကွက်၊ ၁၃ ရပ်ကွက်၊ ၁၆ ရပ်ကွက်တို့တွင် ၀င်ရောက်ခဲ့ဖြင့် နေအိမ်စုစုပေါင်း ၂၀၉ အိမ်၊ ဓါတ်တိုင် ၂၁ တိုင်၊ တယ်လီဖုန်းတိုင် ၁၁ တိုင် ၊သစ်ပင်အကြီး ၂၄ ပင်၊ အသေး ၆၁ ပင် ပျက်ဆီးဆုံးရှုံး ခဲ့သည်ဟု လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာအောင်က ပြောသည်။

နိုဝင်ဘာလ ၆ရက်ညနေပိုင်းတွင် အမိုးလန်ပျက်ဆီးသွားသည့် နေအိမ်များတွင် အရေးကြီး အဆင့်ရှိစေသာ နေအိမ် များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အမိုးအကာတာလပက် ၁၀၀ ကို ဖြန့်ဝေပေးခဲ့သည်ဟု ဒေါ်ဇင်မာအောင် က ပြောသည်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် နေထိုင်သူ ဦးသိန်းစိုးက “ကျွန်တော်တို့ ရပ်ကွက်မှာ မနေ့ (နိုဝင်ဘာ ၆ ရက်)က မီးမလာဘူး။ ဒီနေ့ (နိုဝင်ဘာ ၇ ရက်)မီးက တစ်ဝက်လာပြီး ဒီညနေ မီးအကုန်ပြန် လာမယ်လို့ပြောတယ်။ ကြက်ခြေနီအဖွဲ့က တာလပတ်အမိုးတွေ ပေးတယ်။ အခုတော့ အိမ်အမိုးတွေကို ကိုယ်လူတွေနဲ့ ကိုယ်လုပ်နေတယ်။ လုံလုံခြုံခြုံရှိအောင်တော့ မပြည့်စုံသေးဘူး” ဟု ပြောသည်။

No comments: