မေမိုးစံ
ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန်များရှိ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော ဂိုဒေါင်နှင့် စက်မှုလက်မှု မြေကွက်များအား နိုင်ငံတော်မှ ပြန်လည် သိမ်းယူမည် ဖြစ်ကြောင်း သိရသည်။
“လုပ်ငန်းလည်ပတ်ခြင်း မရှိတဲ့ မြေလွတ်တွေကို ပြန်ကောက်ပြီး အစီအမံလုပ်ဖို့ ရှိနေတယ်။ လုပ်နိုင်ခြေ ရှိကြလား၊ မရှိရင် နိုင်ငံတော် ပြန်အပ်ရမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ လျှပ်စစ်စွမ်းအားနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ထွန်းဦးက ပြောဆိုသည်။
စက်မှုဇုန် မြေကွက်များ အသုံးချခြင်းနှင့် ပတ်သက်ပြီး မြေကွက် ချထားပေးစဉ်မှ သုံးလအတွင်း အကောင်ထည်ဖော် ဆောင်ရွက်ခြင်း မရှိသော လုပ်ငန်းများကို နိုင်ငံတော်မှ ပြန်လည် သိမ်းယူမည့် အစီအမံထားရှိကြောင်း ၀န်ကြီး ဦးဥာဏ်ထွန်းဦးက စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ သံလွင်လမ်းရှိ ဂျာမနီ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ GIZ နှင့် KFW တို့၏ ရုံးခန်းဖွင့်ပွဲ အခမ်းအနားတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အလားတူ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စက်မှုဇုန်များရှိ လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသော ဂိုဒေါင်နှင့် စက်မှုလက်မှု မြေကွက်များအား ပိုင်ဆိုင်ကြသည့် လုပ်ငန်းရှင်များသည် Detail Business Plan ကို ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထားပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြရမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက်က အစိုးရ မီဒီယာများမှ တဆင့် သတင်းထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်တွင် လုပ်ငန်းရှင်များသည် မိမိတို့ လုပ်ကိုင်မည့် လုပ်ငန်း အမျိုးအစား၊ လုပ်ငန်း တည်ဆောက်ရေး ကာလ၊ စီးပွားဖြစ် စတင် လည်ပတ်မည့်ရက်၊ ဘဏ္ဍာငွေကြေး ရင်းနှီးမြုပ်နှံမှုနှင့် ရရှိမှု အရင်းအမြစ် စသည့် အချက်အလက်များ ပါဝင်သော Detail Business Plan တင်ပြရမည် ဖြစ်သည်ဟု ဖော်ပြထားသည်။
တင်ပြလာသော Detail Business Plan များကို ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီက စိစစ် အတည်ပြုပြီးနောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ထက် နောက်မကျဘဲ လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု ကြေညာထားသည်။
“ဒီလို ပြောနေတာ ကြာနေပါပြီ။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စတင် ကြေညာတာ ကြိုဆိုတယ်။ ဒါက နိုင်ငံတော်အဆင့် လုပ်ရမယ့် အပိုင်း ဖြစ်တယ်။ ဒါပေမယ့် တကယ် အရေးယူနိုင်ပါမလား သံသယ ဖြစ်တယ်။ ယခင် အစိုးရ လက်ထက် အဆက်ဆက်က မလုပ်နိုင်ခဲ့တာ ယခုခေတ်မှာ လုပ်နိုင်ပါ့မလား။ ရာခိုင်နှုန်း နည်းစွာနဲ့တော့ မျှော်လင့်ပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) တွဲဘက်အတွင်းရေးမှူးနှင့် ဒဂုံဆိပ်ကမ်း စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးအေးလွင်က ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံဖြိုး တိုးတက်ရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိ တဦးက “ဒီလို လုပ်သင့်နေတာ ကြာပါပြီ။ ငွေကြေးအင်အား တောင့်တဲ့သူတွေ များနေလို့ မှားနေတဲ့သူဘက်က အများစု ဖြစ်နေကြတာ။ ဒါက အိုးအိမ်နဲ့ ဆိုင်တယ် ဆိုပေမယ့် စက်မှုဇုန်တခု အကောင်အထည်ဖော်ရင် အဆောက်အအုံကိုသာ တာဝန်ယူပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို လွှဲရတာ” ဟု ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖော်ဆောင်ထားသည့် စက်မှုဇုန်များကို ၁၉၉၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်း ဖြစ်ပြီး စတင်တည်ထောင်စဉ်က လှိုင်သာယာ၊ တောင်ဒဂုံ စက်မှုဇုန်တို့ ပါဝင်ခဲ့ကြောင်း၊ ထို့နောက် ၂၀၀၂၊ ၂၀၀၃ ခုနှစ်တွင် ကျန်စက်မှုဇုန်များကို ဆက်လက် တိုးချဲ့ခြင်း ဖြစ်သည်ဟု ဦးအေးလွင်က ပြောသည်။
စက်မှုဇုန်များ စတင်ချပေးစဉ်က မြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာနက မြေများကို တဧက အကွက်နှုန်း သတ်မှတ်ပြီး လုပ်ငန်းဆောင်ရွက်ရန် ရောင်းချပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
စက်မှုဇုန်များ၌ မြေကွက် ပိုင်ဆိုင်ထားသူများသည် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အသုံးပြုခွင့် ရရှိသောနေ့မှ ၃ လ အတွင်း အဆောက်အအုံ စတင် ဆောက်လုပ်ရမည် ဖြစ်သော်လည်း လုပ်ကိုင်ခြင်း မရှိသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် အဟန့်အတား ဖြစ်နေပြီး စက်မှုဇုန် မြေဈေးမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။
“မြေကွက်တွေ စတင် ရောင်းစဉ်ကတည်းက ဘယ်နှစ်လအတွင်း လုပ်ရမယ် ပါတယ်။ လက်မှတ်ထိုးသူရော မြေ၀ယ်ထားတဲ့သူရော မသိချင်ယောင်ဆောင်ပြီး မြေကစားတဲ့အတွက် မြေဈေးတွေ ကမောက်ကမဖြစ်ပြီး မြောက်တက်နေတာ ၁၅ နှစ်၊ နှစ်၂၀ လောက် ရှိနေတာ။ နောက် နိုင်ငံခြားကနေ ဘဏ်တိုးနှုန်း နည်းနည်းနဲ့ ချေးလာပြီး ဇုန်တွေမှာ ဈေးဝင်ကစားတော့ လုပ်ငန်းရှင်တွေက အဆောက်အအုံပိုင်းဆိုရင် ကိုယ်ထူကိုယ်ထ ပြန်လုပ်နေတာ ရန်ကုန်တိုင်း ဒေသကြီးက စက်မှုဇုန်တွေပါပဲ” ဟု ဦးအေးလွင်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် ၂၉ ဇုန် အတွင်းမှ စက်မှုလက်မှု မြေကွက်လွတ်ပေါင်း ၂၃၃၉ ကွက်နှင့် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော ဂိုဒေါင် အလုံးပေါင်း ၁၂၉၉ လုံး၊ ဧရိယာအားဖြင့် ၄၄၁၈ ဧကကျော် ရှိသည်ဟု ရန်ကုန်တိုင်း ဒေသကြီး မြေယာစီမံခန့်ခွဲမှု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:
Post a Comment