Tuesday, November 4, 2014

ဓာတ်အားဖြန့်ဖြူးသည့် စနစ်ကြောင့် ၂၆ ရာခိုင်နှုန်းသာ လျှပ်စစ်မီးပေးနိုင်ဟုဆို

လပြည့်ဝန်း

ဓာတ်အားဖြန့်ဖြူးသည့်စနစ် မလုံလောက်သောကြောင့် တစ်နိုင်ငံလုံး၏ ၂၆ ရာခိုင်နှုန်းသာ လျှပ်စစ်မီးပေး နိုင်သဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့်မီးပေးနိုင်ရေး စီမံချက်ချဆောင်ရွက်နေပြီဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာချုပ်က မဇ္ဈိမကို ပြောသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် စနစ်ကို စီမံချက်ချမှတ်ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲ ရုံများ၊ ထရန် စဖော်မာများနှင့် ဓာတ်အားဖြန့်ဖြူးသည့် ကြိုးများတိုးချဲ့တည်ဆောက်ပေးသွားမည် ဖြစ်ပြီး Solar Home System များ တပ်ဆင်ပေးခြင်း စသည့် အခြားနည်းလမ်း အမျိုးမျိုးဖြင့် ကျေးရွာလျှပ်စစ်မီး ရရှိရေးကို ကြိုးစားဆောင်ရွက်လျက်ရှိနေသည်ဟု ၎င်းက ဆိုသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ၂၆ ရာခိုင်နှုန်းပဲ မီးလင်းသေးတယ်။ ကျန်တဲ့နေရာတွေက မီးမလင်းသေးတော့ စီမံချက်ချပြီး ဓာတ်အားစနစ်နဲ့ မီးလင်းအောင် လုပ်သွားမယ်” ဟု ၎င်းက ပြော သည်။

ဓာတ်အားစနစ် မလုံလောက်သောကြောင့် လျှပ်စစ် ဖြန့်ဖြူးရာတွင် ပြည်နယ် နှင့် တိုင်းဒေသကြီး အများစုတွင် လျှပ်စစ်မီးရရှိမှု မရှိသေးသည့်အတွက် ကျန်သည့် ၇၃ ရာခိုင်နှုန်းကို ၂၀၃၀ ခုနှစ်တွင် ပေးနိုင်ရန် ရည် ရွယ်ထားသည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် အိမ်ထောင်စုပေါင်း ၇ ဒသမ ၂ သန်းခန့်ရှိနေပြီး ယင်းတို့အနက် လျှပ်စစ်ဓာတ် အားမရရှိသည့် အိမ်ထောင်စုမှာ ၆၇ ရာခိုင်နှုန်းခန့်ရှိနေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဓာတ်အား မသုံးစွဲ နိုင်သေးသည့် ပြည်သူအများအပြားမှာ ကျေးလက်နေပြည်သူ များဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၁ ရက်က ထုတ်ဝေသည့် မြန်မာ့အလင်း သတင်းစာတွင် ပြောကြားထားသည်။

No comments: