Monday, November 3, 2014

မီးပုံးပျံပျက်ကျမှုကြောင့် ဒဏ်ရာရသူများအနက် နှစ်ဦးကွယ်လွန်

ဂျွန်ချစ်ငြိမ်း

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကွင်းအတွင်း ယမန်နေ့က မီးပုံးပျံ ပျက်ကျမှုကြောင့် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် စိုးရိမ်ရ အခြေအနေတွင် ရှိနေသူ လေးဦးအနက် အမျိုးသားနှစ်ဦးမှာ ယနေ့မနက်တွင် ကွယ်လွန်သွားပြီဟု စ၀်စံထွန်းဆေးရုံ တာဝန်ရှိ ဆရာဝန် တစ်ဦးက နို ၀င်ဘာ ၂ရက်တွင် မဇ္ဈိမကို အတည်ပြုသည်။

“အားလုံးဒဏ်ရာရတဲ့သူ ၁၄ ဦးပါ ၊ တစ်ဦးက တော့သက်သာလို့ ဆေးရုံက ဆင်းသွားပါပြီ၊ဆေးရုံမှာ ရှစ်ဦးကျန်ပြီးတော့ စိုးရိမ်စရာ အခြေအနေရှိတဲ့လူနာ နှစ် ဦးကျန်ပါတယ်” ဟု ၄င်းက ဆိုသည်။

စိုးရိမ်ဒဏ်ရာများရရှိ ထားသူများထဲတွင် အမျိုးသမီးနှစ်ဦး ကျန်ရှိနေ ဆဲဖြစ်ပြီး ၄င်းတို့ကို ပြည်နယ် အစိုးရအဖွဲ့ ကျပ်နှစ်သန်းစီ လာရောက် ထောက်ပံ့သည်ဟု စ၀်စံထွန်း ဆေးရုံ ဆရာဝန်တစ်ဦးက ပြောသည်။ ထို့ပြင် မစိုးရိမ်ရ ဒဏ်ရာရရှိသူ (၆) ဦးကို တစ်ဦးလျှင် ကျပ်ငါးသောင်းစီ ပေးအပ်ခဲ့သည်ဟုဆိုသည်။

နိုဝင်ဘာ ၁ရက် နံနက်လင်းအားကြီး တစ်နာရီ အချိန်က ခွန်တန်မီးအဖွဲ့၏ ညမီးကြီး ပြိုင်ပွဲဝင် မီးပုံးတစ်လုံးကို လွှတ်တင်စဉ် ပေ ၂၀၀အမြင့်အရောက်ပျက်ကျ ကာ ကွင်းအတွင်းကြည့်ရှုနေသူ ၁၄ ဦးပေါ်သို့ မီးပုံးပျံတွင် တပ်ဆင်ထားသောယမ်းများထိမှန်၍မီးလောင်ဒဏ်ရာများရရှိခြင်း ဖြစ်သည်။အဆိုပါ ဖြစ်စဉ်အတွက် လွန်စွာ ၀မ်းနည်းမိကြောင်း ခွန်တန်မီးအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

No comments: