Saturday, November 15, 2014

၅၉ (စ) ပြင်ရေး သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် အာရုံထားပြောကြား

Mizzima

အမေရိကန် သမ္မတ အိုဘားမားနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ရန်ကုန်မြို့၊ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် နိုဝင်ဘာ ၁၄ ရက် နံနက်က တစ်နာရီကြာ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်က အဓမ္မ ပြဋ္ဌာန်းခဲ့သော ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဇောင်းပေး ပြောဆိုခဲ့သည်။

မဇ္ဈိမက သမ္မတအိုဘားမားအား ယခုခရီးစဉ်အတွင်း အစိုးရနှင့် သဘောတူညီချက် တစုံတရာ ရခဲ့ပါသလားဟု မေးခဲ့ရာ မစ္စတာအိုဘားမားက အမေရိကန်တို့အနေဖြင့် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အချက်ခြောက်ချက်ဖြင့် တိုင်းတာကြောင်း ပြောဆိုခဲ့ပြီး၊ အခြေခံဥပဒေ ပြင်ဆင်ရေးကို ယခုကဲ့သို့ ပြောသည်။

"အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးဟာ အားလုံး ပါရမယ်၊ မပါအောင် လုပ်ထားလို့ မရဘူး။ အခြေခံဥပဒေမှာ တားမြစ်ချက်တချို့က ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်သူ့ကိုတော့ သူ့သားသမီးက ဘာဖြစ်လို့ဆိုပြီး သမ္မတဖြစ်ခွင့် မပြုတာမျိုးဟာ မျှတမှု မရှိပါဘူး" ဟု သမ္မတ အိုဘားမားက ပြောသည်။

သမ္မတအိုဘားမား ရည်ညွှန်းပြောကြားသည့် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) တွင် "မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏

နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များ ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ" ဟု ဖော်ပြထားသည်။

သမ္မတ အိုးဘားမား အဖြေစကားကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံခဲ့ပြီး ထိုကဲ့သို့ သမ္မတပြောသည့်အတွက် အိုဘားမားကို သဘောကျ ခင်မင်မိကြောင်း ပြောသည်။

"ဒီအပိုဒ် (၅၉ စ) ကို ဆန့်ကျင်တယ်ဆိုတာက ကျွန်မကို သမ္မတ မဖြစ်ဖို့ တားထားလို့ မဟုတ်ပါဘူး။ ဒါကိုက ဒီမိုကရေစီမဟုတ်သလို အခြေခံဥပဒေနဲ့လည်း မညီညွတ်ပါဘူး။ အခြေခံဥပဒေကိုယ်တိုင်က နိုင်ငံသားတိုင်းဟာ တန်းတူညီမျှ ရှိရမယ်လို့ ပြောထားပါတယ်။

အခုဟာက အခြေခံဥပဒေနဲ့ မညီပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"အခု အခြေခံဥပဒေက ကျွန်မကလေးတွေနဲ့ သူတို့ရဲ့ ကြင်ဖော်ကြင်ဖက်တွေကြောင့် ကျွန်မကို ခွဲခြားဆက်ဆံတာမျိုး ဖြစ်နေပါတယ်။ လက်ခံနိုင်စရာ မရှိပါဘူး" ဟု ၎င်းက ဖြည့်စွက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ပြည်သူ့လက်မှတ် ငါးသန်းကောက်ခံခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်ပြင်ပလှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

အင်န်အယ်လ်ဒီပါတီ၏ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကို ပြည်သူများက တခဲနက် ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

"ကျွန်မတို့ပြည်သူတွေက ကျွန်မတို့နောက်မှ ပြည့်ပြည့်၀၀ ထောက်ခံအားပေးနေပါတယ်။ သမ္မတအိုဘားမားကလည်း (အခြေခံဥပဒေ) ပြင်ဖို့ ပြောတာ ကြားရလို့ အလွန် သဘောကျ ခင်မင်မိပါတယ်၊ ပြည်သူတွေကြားမှာလည်း ဒါက အလွန်ကို ပေါ်ပြူလာဖြစ်နေပါတယ်" ဒေါ်အောင်ဆန်းစုကြည်က ပြုံးရွှင်စွာဖြင့် ပြောသည်။

``ဒါဟာ ကျွန်မတို့ပြည်သူတွေရဲ့ ကံကြမ္မာပါ၊ ကျွန်မတို့ တိုင်းပြည်ကို ဖန်တီးနိုင်ခွင့်လည်း ဖြစ်နေပါတယ်။ ဒီမိုကရေစီကို လုံးဝ ပြောင်းလဲဖို့ လက်ရှိအခြေခံဥပဒေနဲ့ မဖြစ်နိုင်ပါဘူး။ အခြေခံဥပဒေပြင်ဖို့ ထောက်ခံတယ်ဆိုတာက ဒီအခြေခံဥပဒေကိုယ်၌က မမျှတ၊ မမှန်ကန်၊ ဒီမိုကရေစီနည်းလမ်းမကျလို့ ဖြစ်ပါတယ်`` ဟု မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင်က ပြောသည်။


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို သမ္မတအိုဘားမား ဖိအားပေး

သမ္မတဦးသိန်းစိန်နှင့် နိုဝင်ဘာ ၁၃ ရက် တွေ့ဆုံစဉ်တွင် မြန်မာ့ဒီမိုကရေစီအသွင်ပြောင်းမှုများကို အမေရိကန်က တိုင်းတာရာတွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ဦးတည်ချက်ထားကြောင်း သမ္မတအိုဘားမားက မဇ္ဈိမအမေးကို ဖြေကြားရာ၌ ထည့်သွင်းပြောခဲ့သည်။

"၂၀၁၅ ရွေးကောက်ပွဲကို ပြောထားတဲ့အတိုင်း ကျင်းပပေးဖို့နဲ့ ရွေးကောက်ပွဲကို သတ်မှတ်ချိန်ထက် နောက်ကျတာကို မမြင်ပါလိုဘူး၊ မြန်မာပြည်သူတွေ ကြားလိုမြင်လိုတဲ့ လွတ်လပ် မျှတ မြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်" ဟု မစ္စတာအိုဘားမားက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပေါ် အမြင်တစ်မျိုးဖြင့် မြင်သည်။

"၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်မတို့ နိုင်မယ်၊ မနိုင်ဘူးဆိုတာကို စိတ်မပူပါနဲ့၊ ပါတီတိုင်းကတော့ ရွေးကောက်ပွဲမှာ အနိုင်ရချင်မှာပါပဲ၊ (အမေရိကန်) သမ္မတလည်း သဘောညီမှာပါ။ နိုင်တာနဲ့ အားလုံးပြီးသွားတာ မဟုတ်ပါဘူး၊ ဂုဏ်သိက္ခာရှိရှိ နိုင်ဖို့ လိုပါတယ်။ နည်းလမ်းအလွဲနဲ့ နိုင်တာထက် ကျွန်မ ရှုံးလိုက်ချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဒါကို နိုင်ငံရေးအင်အားစုတွေအားလုံးနဲ့ ပြည်သူတွေကို နားလည်စေချင်ပါတယ်။ နည်းလမ်းမှန်နဲ့ အနိုင်ရချင်တာပါ၊ အခြေခံဥပဒေကိုလည်း နည်းမှန်လမ်းမှန်နဲ့ ပြင်ချင်တာပါ၊ အမျိုးသားပြန်လည်စည်းလုံးအတွက် အခြေခံအုတ်မြစ်ကောင်းကို ချချင်တာပါ" ဟု ၎င်းက ဆိုသည်။


အမျိုးသားပြန်လည် စည်းလုံးရေးနှင့် လူနည်းစု ဖိနှိပ်မှုအရေး

သမ္မတအိုဘားမားက အမေရိကန်တွေအနေနှင့် မြန်မာပြည်တွင် ဘာသာရေးလူနည်းစုများအပေါ် မည်သို့ဆက်ဆံသည်ကို အာရုံထား စောင့်ကြည့်နေပြီး၊ ရခိုင်အရေး ရှုပ်ထွေးသည်ကို သိသော်လည်း မှန်ကန်သော အစိုးရဖြစ်မူ တရားဥပဒေစိုးမိုးရေးကို ဂရုပြုကြကြောင်း မဇ္ဈိမ၏ မေးခွန်းတွင် ထည့်သွင်း ဖြေကြားခဲ့သည်။

"ပြည်သူအားလုံးဟာ တရားဥပဒေအောက်မှာ တန်းတူညီမျှ ရှိရမယ်။ ရိုဟင်ဂျာဖြစ်ဖြစ် ဘယ်ဘာသာရေး လူနည်းစုတွေကိုဖြစ်ဖြစ် ခွဲခြားဆက်ဆံတဲ့ မြန်မာပြည်ဆိုတာမျိုး မဖြစ်စေချင်ပါ။ တခြားဘာသာကို သက်ဝင် ယုံကြည်တဲ့ ဘာသာရေးလူနည်းစုတွေကို ဒုတိယတန်းစား နိုင်ငံသားတွေအဖြစ် ခွဲခြား ဆက်ဆံတာဟာ အောင်မြင်တဲ့ ဒီမိုကရေစီမျိုး မဟုတ်ပါဘူး။ တည်ငြိမ်တဲ့ ဒီမိုကရေစီကိုလည်း မဖြစ်စေပါဘူး" ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအချင်းချင်းနှင့် ဘာသာမတူသူများကြား ပေါင်းစည်းမှုထက် အတွေးအမြင် မတူသူများကြား ပြေလည်မှုကို ကြိုးစားနေကြောင်း မဇ္ဈိမမေးခွန်းကို ဖြေသည်။

"အမျိုးသားပြန်လည် စည်းလုံးရေးဆိုတာမှာ တိုင်းရင်းသားတွေနဲ့ ဘာသာရေးယုံကြည်မှု မတူတဲ့သူတွေ ကြားကိုပဲ ပြောတာ မဟုတ်ပါဘူး၊ အတွေးအခေါ်အမြင်ကွဲသူတွေကြားကိုပါ ပြောတာပါ။ ဥပမာအားဖြင့် စစ်အာဏာရှင်စနစ်နဲ့ အရပ်သားအစိုးရအောက်မှာ စစ်တပ်ကိုထားမှာ ဘယ်ဟာက ဒီမိုကရေစီရဲ့ အုတ်မြစ်လဲ ဆိုတာမျိုးပါ။ အမြင်တွေဖလှယ်ပြီး အခုထက်ထိ ကျွန်မတို့နဲ့ သဘောမညီသူတွေနဲ့ပါ အပြန်အလှန် နားလည်ကြတာမျိုး ဖြစ်စေချင်တာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဒါပေမဲ့ ကျွန်မတို့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ နောက်ဆုံးတော့ ကျွန်မတို့တိုင်းပြည်အတွက် အကောင်းဆုံးဆိုတာကို ကျွန်မတို့အားလုံးက လိုချင်ကြတာပါပဲ။ တစ်ဦးတစ်ယောက်တစ်ဖွဲ့အတွက် ဆိုတာမျိုး မဟုတ်ပါဘူး။ အခြေခံဥပဒေကို ပြင်နိုင်ရင် (ဒါမှမဟုတ်) မပြင်နိုင်ရင် ဘာဖြစ်လာမလဲဆိုတာကို ကျွန်မ စိတ်မပူပါဘူး။ ကျွန်မတို့ ဒါတွေကို လုပ်နိုင်ဖို့ကို ကျွန်မတို့ကို ထောက်ခံပါလို့ပဲ ပြောချင်ပါတယ်" ဟု ၎င်းက ပြောသည်။

သမ္မတနှစ်ဦးဆွေးနွေးမှုမှသည် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ

သမ္မတအိုးဘားမားက သမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးရာတွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားပေးကြောင်းနှင့် ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်ဟု ပြောသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို သံသယရှိနေသည်ကို တွေ့ရသည်ဟု သမ္မတအိုဘားမားက သတင်းစာ ရှင်းလင်းပွဲတွင် ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားတစ်ဦးချင်း၏ လွတ်လပ်ခွင့်နှင့် လုံခြုံရေးကိစ္စများကိုလည်း ပြောခဲ့ကြောင်း၊ အစိုးရကို ဝေဖန်၍ သတင်းထောက်များ ထောင်ချခံရခြင်း၊ လူတစ်ယောက်ကို နှိပ်စက် ဒုက္ခပေးသူကို တရားဥပဒေအရ အရေးယူခြင်းမှ ကင်းလွတ်ခွင့် ရနေခြင်းသည် ဒီမိုကရေစီနည်းလမ်းမှန် မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု သမ္မတ အိုဘားမားက ပြောသည်။

သမ္မတအိုဘားမားက မဇ္ဈိမက မေးမြန်းသည့် မေးခွန်းဖြစ်သော သမ္မတဦးသိန်းစိန်အစိုးရနှင့် သဘောတူညီချက်နှင့် ကတိက၀တ်များကို တိုက်ရိုက်ဖြေကြားခြင်းထက် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို ပြောကြားရင်း အဆုံးသတ်ခဲ့သည်။

"နှစ်နိုင်ငံဆက်ဆံရေးက တိုးတက်အောင် ပိုကြိုးစားမယ်၊ တိုးတက်မှုတွေ မတွေ့ရင် ထပ်ပြောမယ်၊ အမေရိကန် တွေ့ချင်တဲ့ လုပ်ရမယ့် အပြောင်းအလဲတွေကို မလုပ်ရင် နှစ်နိုင်ငံဆက်ဆံရေးကို အပြည့်အ၀ လုပ်မှာ မဟုတ်ဘူး" ဟု သမ္မတအိုဘားမားက ပြောသည်။

သမ္မတအိုဘားမားသည် နေပြည်တော်သို့ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲနှင့် အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေးများ တက်ရောက်ရန် နိုဝင်ဘာ ၁၂ က ရောက်ရှိခဲ့ပြီး၊ နိုဝင်ဘာ ၁၄ မနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ရာ လုံခြုံရေးများ အထူး တင်းကျပ်ခဲ့သည်။

ရန်ကုန်မြို့တွင် သမ္မတအိုဘားမားသည် အတွင်းဝန်ရုံးသို့ သွားရောက်လေ့လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ်အဖြစ် ရန်ကုန်မြို့ရှိ သူမ၏အိမ်တွင် တွေ့ဆုံခဲ့သလို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အာဆီယံလူငယ်များနှင့် တွေ့ဆုံပြီး လူငယ်များ၏ ပွင့်ပွင့်လင်းလင်း မေးမြန်းချက်များကို ရှင်းရှင်းလင်းလင်း ဖြေကြားခြင်းနှင့် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးတွင် မြန်မာ့အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

No comments: