Saturday, November 15, 2014

ကုလအတွင်းရေးမှူးချုပ်ကို ရခိုင်ဝန်ကြီးချုပ် ကန့်ကွက်မူ ရခိုင်လွှတ်တော်အမတ်များ ထောက်ခံကြိုဆို

နိရဉ္စရာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သေ သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလီအစား ရိုဟင်ဂျာဟု သုံးနုန်းသွားခြင်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ စာရေးကန့်ကွက်လိုက်သည့် အပေါ် ရခိုင်ပြည်နယ် လွှတ်တော်အမတ်များက ကြိုဆိုလိုက်သည်။

“ ကျွန်တော်တို့က ဒီလို စာရေးကန့်ကွက်တဲ့ အပေါ် တခဲနက်ကြိုဆိုပါတယ်။ ကမ္ဘာနိုင်ငံ အသီးသီးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင် တစ်ဦးအနေနဲ့ ခုလို လက်လွှတ်စပယ် ပြောဆိုတာဟာ ရခိုင်ပြည်နယ် တည်ငြိမ်ရေးကို လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ အပေါ် အထူးထိခိုက်နိုင်တဲ့အတွက် ၀န်ကြီးချုပ်က စာရေးကန့်ကွက်လိုက်တဲ့ အပေါ် ကျွန်တော်တို့ကြိုဆိုပါတယ်” ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ဝင်းက ပြောသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂ ရဲ့ မူအရ ရိုဟင်ဂျာလို့ သုံးစွဲရခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင်ရှိနေသော ရိုဟင်ဂျာများကို ခွဲခြားဖိနှိပ်မှုနှင့် အကြမ်းဖက်ခံနေရမှုများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

ယင်းသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရိုဟင်ဂျာ စကားလုံး သုံးစွဲခဲ့မှုသည် နှစ်ဘက် အသိုက်အ၀န်း၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လက်တွေ့ ဆောင်ရွက်နေသော ပြည်နယ်အစိုးရ၏ လုပ်ငန်းများ အပေါ် ထိခိုက် စေသည်ဟု ဆိုကာ နိုဝင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက စာရေးကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ယင်းပေးစာတွင် “သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခဲ့ခြင်း အတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း၊ မိမိအနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ လူနည်းစုများ အခွင့်အရေးအတွက် အလေးထားမှုကို နားလည်နိုင်သော်လည်း အတွင်းရေးမှူးချုပ်၏ မြင့်မားသည့် ရာထူးတာဝန်ကြောင့် အဆိုပါ စကားလုံးကို သုံးစွဲမှုသည် နှစ်ဘက်အသိုက်အ၀န်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လက်တွေ့ ဆောင်ရွက်နေရသည့် မိမိတို့၏ လုပ်ငန်းများအပေါ် ထိခိုက်စေနိုင်ကြောင်း” ဖေါ်ပြပါရှိသည်။

“ ကျွန်တော်တို့က ၀န်ကြီးချုပ် စာရေးကန့်ကွက်တာကို အထူးထောက်ခံပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တစ်ဦးအနေနဲ့ မြန်မာပြည်သူတွေ မကြိုက်နှစ်သက်တဲ့ အသုံးအနုန်းတွေ သုံးနုန်းသွားတဲ့ အပေါ်မှာ လုံးဝ ဆန့်ကျင်ကန့်ကွက်ပါတယ်” ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးသာကျော်ကလည်း ပြောသည်။

၎င်းပြင် ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်မည့် လွှတ်တော်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ မြန်မာနိုင်ငံတွင် အစိုးရမှ တရားဝင် အသိအမှတ်ပြုမထားသော နာမည်ကို အသုံးပြုခြင်းအပေါ် ကန့်ကွက်ကြောင်း အဆိုကို တင်သွင်းရန်လည်း စီစဉ်နေကြသည်ဟု ဆိုသည်။

“ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကန့်ကွက်သွားပါ့မယ်။ ပါတီ အနေနဲ့လည်း ကန့်ကွက်ဖို့ စီစဉ်နေပါတယ်” ဟု ဦးသာကျော်က ဆက်ဆိုသည်။

ရိုဟင်ဂျာဆိုသော စကားလုံးကို အသုံးပြုခဲ့သဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးမျာအကြား ကွဲပြားမှုများကို ပိုမိုကျယ်ပြန့်စေရုံသာမက မြန်မာပြည်သူများနဲ့ နိုင်ငံတကာ အသိုက်အ၀န်းကြား နားလည်မှု လွဲမှားစေနိုင်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာဆိုသော စကားလုံးကို အသုံးပြုဖို့ အဆက်မပြတ် ကြိုးစားနေခြင်းကြောင့် ရခိုင်ပြည်နယအတွက် အကူအညီများ ပေးအပ်နေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အပေါ် ဒေသခံများက ပိုမို သံသယ ကြီးမားလာစေမည်ဖြစ်ကြောင်း ရခိုင် ပြည်နယ်ဝန်ကြီးချုပ်၏ ပေးစာတွင် ဖေါ်ပြသည်။

ယင်းပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဒေသခံရခိုင် တိုင်းရင်းသားများက ယုံကြည်မှု ရှိလာစေရန် ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ယင်းစကားလုံးကြောင့် ရရှိထားသော အောင်မြင်မှုများ ကို ပျက်ပြားစေပြီး ဒေသခံများ၏ ခံစားချက်များ အပေါ်တွင်လည်း အကျိုး သက်ရောက်သွားမည်ကို စိုးရိမ်မိကြောင်း ဖေါ်ပြပါရှိသည်။

ယင်းကဲ့သို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ ကန့်ကွက်ကြောင်း စာရေးသား ပေးပို့မှုနှင့် ပတ်သက်ပြီး ယမန်နေ့က ကျင်းပ ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော်တွင် လွှတ်တော် ဥက္ကဌ ဦးထိန်လင်းမှ ရခိုင်ပြည်နယ် လွှတ်တော်သို့ အသိပေး အကြောင်းကြားခဲ့သည်ဟု ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

“ ကျွန်တော်တို့ လွှတ်တော်အမတ်တွေက ၀န်ကြီးချုပ်ရဲ့ ကန့်ကွက်မှုကို တစ်ခဲနက်ကြိုဆိုပါတယ်။ ရခိုင်သမိုင်း၊ မြန်မာ့သမိုင်းတွေမှာသာမက အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ သမိုင်းတွေမှာလည်း မရှိတဲ့ နာမည်ကို နယ်မြေအပိုင်ရလိုမူနဲ့ တီတွင်သုံးစွဲထားကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သုံးနူန်းသွားတာကို ကျွန်တော်တို့ လုံးဝ ဆန့်ကျင်ကန့်ကွက်ပါတယ်” ဟု ဦးတက်ထွန်းအောင်က ပြောဆိုသွားသည်။

No comments: