နန်းမြင့်
ဘတ်ဂျက်ခွင့်ပြုငွေမရသေး၍ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ နိုဝင်ဘာလ ရောက်မှသာ ထုတ်ချေးပေးနိုင်တော့ မည်ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) လက်ထောက်မန်နေဂျာ ဒေါ်နီလာရွှေက မဇ္ဈိမ ကို ပြောသည်။
ပုံမှန်အားဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ထုတ်ချေးပေးနေကျဖြစ်သော်လည်း ယခုမူ အောက်တိုဘာလ ကုန်သည်အထိ ထုတ်ချေးပေးနိုင်ခြင်း မရှိသေးပေ။
စိုက်စရိတ်ချေးငွေမရ၍ မျိုးစပါး ၀ယ်ယူရန် ခက်ခဲခြင်း၊ လုပ်ငန်းခွင်ဝင်ရန် နောက်ကျခြင်း၊ လုပ်သား မငှား ရမ်းနိုင်ခြင်း စသည့် အခက်အခဲတို့နှင့် ရင်ဆိုင်နေရသည်ဟု ကျိုက်လတ်မြို့နယ်အတွင်း လယ် ဧက ၅၀ ခန့် စိုက်ပျိုးနေသူ ကိုမျိုးက ပြောသည်။
“ဆောင်းစပါးက သူသတ်မှတ်ထားတဲ့ အချိန်မှာစိုက်ရတယ်။ နောက်ကျမှ စိုက်ရင် ပိုးကျတဲ့အချိန်နဲ့တိုးရင် ဆေးအတွက် စရိတ်တွေပိုမယ်။ အခုချိန်က လယ်ထွန်စက်တွေ ပြင်ရမယ့်အချိန်၊ ရေနံဆီတွေ ၀ယ်ရမယ့် အချိန်ဖြစ်လို့ အခုထိ ချေးငွေမရသေးတော့ ဘာမှမလုပ်ရသေးဘူး” ဟု ၎င်းက ပြောသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကမူ ယခင်ချေးငွေ ပြန်ဆပ်ပြီးသူများကိုသာ ထုတ်ချေးနိုင်မည်ဖြစ်ပြီး စပါးစိုက်တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် အများဆုံး ၁၀ ဧကအထိ ထုတ်ချေးပေးနေသည်။
ဘိုကလေးမြို့နယ်နေ လယ်သမား ဦးအေးနိုင်က “ချေးငွေနောက်ကျတဲ့အတွက် လယ်သမားတွေက အလုပ် မားတွေကိုကြိုပြီး ပိုက်ဆံပေးရတာ ဖြစ်တဲ့အတွက် အလုပ်သမားငှားရတာမှာလည်း အခက်အခဲ ရှိတယ်။ အခု စပါးဈေးက သုံးသိန်း လောက်ပဲ ရှိတော့ ရှေ့ဘယ်လိုဆက်သွားရ မလဲဆိုတာ စဉ်းစားနေရတယ်” ဟု ပြောသည်။
၂၀၁၃ ခုနှစ်၊ ဆောင်းသီးနှံရာသီ ဖြစ်သော စက်တင်ဘာလမှ ဇန်န၀ါရီလ အတွင်း နိုင်ငံအနှံ့ မြို့နယ် ၁၉၀ ရှိ ကျေးရွာအုပ်စု ၄,၅၉၄ စုမှ တောင်သူ ခုနစ်သိန်းနီးပါးအတွက် ကျပ် ၁၆၃ ဒသမ ၁၇ ဘီလီယံ ထုတ်ချေးထားသည်ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်စာရင်းများက ဆိုသည်။
No comments:
Post a Comment