Thursday, November 13, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်ရေးဆွဲရေး တွန်းအားပေးဖို့ အိုဘားမားထံ တောင်းဆို

နန်းမြနဒီ

အမေရိကန် သမ္မတ ဘားရတ်အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြန်ရေးဆွဲရေး အစိုးရကို တိုက်တွန်းဖို့ ကချင်လူမှုအဖွဲ့အ စည်းတွေ စုပေါင်းတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ တိုင်းရင်းသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို သမ္မတအိုဘားမားဆီ တင်ပြပြီး အစိုးရဆီ တိုက်တွန်းပေးဖို့ အချက်ပေါင်း ၆ ချက် စုစည်း တင်ပြခဲ့တာလို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

“ပြည်သူတွေဘက်က တွေ့ကြုံရတဲ့ ပြဿ နာ ၃ ရပ်ကို အဓိက ဦးတည်ဖော်ထုတ်ထားပါတယ်။ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်နေတဲ့ ပဋိပက္ခတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ခတ်ရပ်ရေး ငြိမ်းချမ်းရေးဖော်ဆောင်မှု အခက်အခဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူလူထုကို မကာကွယ်ပေးနိုင်ခြင်းနဲ့ တရားဥပဒေ စိုးမိုးမှုကို မပေးနိုင်ခြင်းစတဲ့ အချက်တွေဟာ အသွင်ကူးပြောင်းရေးကာလ အဟန့်အတားဖြစ်စေတဲ့ အကြောင်း ကျမတို့ တင်ပြခဲ့ပါတယ်။”

မြန်မာအစိုးရကို တိုက်တွန်းပေးစေလိုတဲ့ အချက် ၆ ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသား တန်းတူရေးတွေပါတဲ့ ဥပဒေကို ပြဌာန်းဖို့၊ အမေရိကန်အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာ သက်သေအဖြစ်ပါရုံတင်မကဘဲ လိုအပ်တဲ့ရန်ပုံငွေတွေပါ ထောက်ပံ့ပေးဖို့ တောင်းဆို ထားတာတွေ ပါဝင်တယ်။

ဒါ့အပြင် ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေအပေါ် ကူညီထောက်ပံ့မှုဟာ ဒီနှစ်အတွင်း ၃၅ ရာခိုင်နှုန်း ပိုမိုလျော့နည်း သွားတဲ့အတွက် မိမိနေရပ်ကို မပြန်နိုင်သေးခင် ဆက်လက်ထောက်ပံ့ ကူညီရေး၊ ဒုက္ခသည်တွေကို ပြန်လည်နေရာ ချထားရာမှာလည်း လုံခြုံဘေးကင်းဖို့နဲ့ ကိုယ့် သဘောဆန္ဒနဲ့ကိုယ် သိက္ခာရှိရှိ ပြန်နိုင်ဖို့၊ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ နေရာချထားဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

တစ်ခါ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေဟာ မိမိနိုင်ငံသားအပေါ် ကာကွယ်မပေးနိုင်ခင် အမေရိကန်အနေနဲ့ မြန်မာနဲ့ နောက်ထပ်ရင်းနှီးမြှုပ်နှံမှု အသစ်ကို စာချုပ်မချုပ်ဆိုဖို့၊ လူထု အကျိုးစီးပွားကို ထိခိုက်စေတဲ့ လက်ရှိရင်းနှီးမြှုပ်နှံမှုတွေကို ရပ်တံ့ပေးဖို့၊ အစိုးရတပ်က အရပ်သားတွေအပေါ် ကျူးလွန်တဲ့အပြစ်တွေကို အရပ်သားခုံရုံးမှာ တရားစွဲခွင့်ရှိရေး၊ တပ်မတော်အနေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေအတိုင်း လိုက်နာကျင့်သုံးလာအောင် တိုက်တွန်း ပေးဖို့ တောင်းဆိုထားကြောင်း ဒေါ်ခွန်ဂျာ က ပြောပါတယ်။

ဒီတောင်းဆိုစာကို ပြည်တွင်းပြည်ပက ကချင်လူ့အခွင့်အရေးအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့၊ ဘာသာရေးအဖွဲ့၊ ငြိမ်းချမ်းရေးအဖွဲ့ အစရှိတဲ့ အဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့က ပူးပေါင်းရေးသားပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ပေးပို့ခဲ့တာဖြစ်ပါ တယ်။

No comments: