မင်းဟိန်းထက်
ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို ရန်ကုန်တိုင်း အစိုးရ အဖွဲ့က ချိတ်ပိတ်ထားသော်လည်း ခွင့်ပြုချက်မရှိ ဝင်ထွက်သွားလာနေသောကြောင့် အရေးယူဖြေရှင်း ပေးရန် နိုင်ငံတော် သမ္မတထံသို့ စာပို့သွားမည်ဟုမဟာသန္တိသုခကျောင်း တိုက်ကိစ္စနှင့် တရားရင်ဆိုင်နေရ သည့် လန်ဒန်ဆရာတော် ဦးဥတ္တရ ကပြောသည်။
နိုဝင်ဘာ ၁၂ ရက် သင်္ဃန်းကျွန်းမြို့နယ် အရှေ့ပိုင်းခရိုင် တရားရုံးတွင် မဟာသန္တိသုခ ကျောင်းတိုက်အမှု ရုံးချိန်း အပြီးတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
ချိတ်ပိတ်ထားသည့် ကျောင်းတိုက်အတွင်းသို့ သာသနာရေးဌာန ဝန်ထမ်းများနှင့် တာဝါတိုင်၊ မီးစက်များ ပြုပြင်သည့် အေးရှားမီဒီယာလင့် ကုမ္ပဏီမှ လူများ လည်း ဝင်ထွက်သွားလာနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“အစိုးရချိတ်ပိတ်ထားတဲ့ အဆောက်အအုံတစ်ခုကို အစိုးရခွင့်ပြုချက်မရှိဘဲ ၀င်လို့မရပါဘူး။ ဒါကို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် လုပ်နေလို့ ဖြေရှင်းပေး ဖို့ သမ္မတကိုစာပို့မှာပါ ”ဟု လန်ဒန်ဆရာတော် ဦးဥတ္တရ က ပြောသည်။
ထို့ပြင် မဟာသန္တိသုခ ကျောင်းတိုက်ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတက တစ်စုံတစ်ရာဖြေရှင်း ဆောင်ရွက်ပေးရန် လည်း တောင်းဆိုသွားမည်ဟုဆို သည်။
အစိုးရမှ ချိတ်ပိတ်ထားသည့် အဆောက်အအုံတစ်ခုကို အစိုးရခွင့်ပြုချက်မပါဘဲ ဝင်ခွင့်မရှိဟု မဟာသန္တိသုခ ကျောင်းတိုက်အရေးနှင့် ပတ်သက်၍ ဆောင် ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးနေလ ကပြောသည်။
“ဘယ်သူ့ခွင့်ပြုချက်နဲ့ ဝင်ထွက်နေတယ်ဆိုတာ အစိုးရက လိုအပ်သလို အရေးယူဆောင်ရွက်ပေးရမှာပါ”ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် လန်ဒန်ဆရာတော် ဦးဥတ္တရက မဟာသန္တိသုခ ကျောင်းတိုက်ကို ဝင်ရောက်မစီးနင်းမီ တစ်ရက်အလို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဇွန် ၁၀ ရက် အစည်းအဝေးဆုံးဖြတ်ချက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံသို့ သက်သေစာအဖြစ် တင်သွင်း ထားသည်။
အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က မဟာသန္တိသုခကျောင်းတွင် လက်နက်များဖြင့် သံဃာအပါး ၃၀ ရှိနေသောကြောင့် အရေးယူရမည်ဟု ပြောကြားခဲ့ကြောင်း၊ အရေးယူမည်ဆိုလျှင် ၂၀/၉၀ ဖြင့်အရေးယူရန် ဦးအံမောင်က ပြောကြားခဲ့ကြောင်းနှင့်ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ ဇွန်လ ၁၁ ရက်မတိုင်မီ အရေးယူဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း စသည့် အချက်၃ချက်ကိုသက်သေခံစာအဖြစ်တင်သွင်း ထားခြင်းဖြစ်သည်။
အဆိုပါ သက်သေခံစာအဖြစ် တင်သွင်းထားခြင်းကို အရှေ့ပိုင်းခရိုင်တရားရုံးမှ ဒီဇင်ဘာ ၃ ရက်တွင် အမိန့်ချမည်ဟု လန်ဒန်ဆရာတော် ဦးဥတ္တရ က ပြောသည်။
တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၁ ရက်က သံဃာ့နာယက ဆရာတော်များနှင့် သာသနာရေး ဝန်ကြီးဌာနမှတာဝန် ရှိသူများက ချိတ်ပိတ်ကာ ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်နေသော သံဃာတော်များကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဇွန်လ ၁၃ ရက်တွင် လန်ဒန်ဆရာတော်နှင့် သံဃာလေးပါးအား လူဝတ်လဲကာ တာမွေမြို့နယ် တရားရုံးတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှူး ဦးစိန်မော်က ၂၀/၉၀ နှင့် ပုဒ်မ၂၉၅ (က) ဖြင့်တရားလိုအဖြစ် တရားစွဲကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။
ဇွန်လ ၂၀ ရက်တွင် ဖမ်းဆီးခံ သံဃာတော်များကို အာမခံပေး၍ သင်္ကန်းပြန်ဝတ်ပေးခဲ့ပြီး လန်ဒန်ဆရာတော် အပါအဝင် သံဃာများ တရားရင်ဆိုင်နေ ဆဲဖြစ် သည်။
No comments:
Post a Comment