ယုဝေ
လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ဧရိယာအတွင်း လျှော်ကြေးငွေ မယူခဲ့သည့် လယ်ယာမြေများ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၆ နာရီအချိန်က မြေတူးစက် (ဘက်ဖိုး) အစီး ၂၀ ခန့်ဖြင့် ဝမ်ပေါင် ကုမ္ပဏီဘက်က တူးဖော်ဖျက်ဆီးခဲ့ပြီး ဒေသအာဏာပိုင်များနှင့် ဒေသခံများ အငြင်းပွားနေရသည်ဟု တောင်သူများက မဇ္ဈိမကို ပြောသည်။
တူးဖော် ဖျက်ဆီးခံခဲ့ရသည့် လယ်ယာမြေများသည် ဆည်တည်းရွာတွင် ဒေသခံများ သပိတ်စခန်းဖွင့်လှစ်ထားသည့် မြောက်ဘက်ရှိ လယ်ယာမြေများ ဖြစ်သည်ဟု ဆိုသည်။
ဆည်တည်းရွာသူ မမင်းဌေးက “မနက်ကတည်းကတူးနေတာ။ သပိတ်စခန်းက လူတွေ နိုးတောင် မနိုးသေးဘူး အခု ဒေသခံတွေက မတူးဖို့တားနေကြတယ်။ အကုန်ပျက်စီးသွားတာ အမရေ။ အခု သူတို့လာဖျက်ဆီး နေတာက လျှော်ကြေးလုံးဝ ယူမထားတဲ့နေရာ။ စားပင်တွေလည်း ဘာမှ မရှိတော့ဘူး။ အကုန်ပျက်စီးကုန်ပြီ အခု ဘာမှ လုပ်စားလို့မရတဲ့ အနေအထားဖြစ်ကုန်ပြီ။” ဟု ပြောသည်။
ဖျက်ဆီးခံခဲ့ရသည့် လယ်ယာမြေများပေါ်တွင် ပဲစဉ်းငုံ၊ ပြောင်းဖူးနှင့် ကုလားပဲများ စိုက်ပျိုးထားခြင်းဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများမှာ ဧကပေါင်း ၁၁၁၄ ကျော်ရှိသည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံ ကိုသူရက “ စလုပ်လုပ်ခြင်း သိလို့ တားပေမယ့် တားလို့မရဘူး။ အင်အားတွေ အများကြီးပဲ ချထားတယ်။ ဘယ်လောက်ကို ဖျက်ဆီးပြီးသွားပြီလဲ မသိဘူး။ ပြောလို့မရဘူး။ ”ဟုပြောသည်။
လက်ရှိအချိန်အထိ သက်ဆိုင်ရာမှ လာရောက်ကူညီဖြေရှင်းပေးခြင်းမရှိသေးဘဲ ဒေသခံများနှင့် ရဲဝန်ထမ်းများသာ ထိပ်တိုက်တွေ့ဆုံ အငြင်းပွားမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများက နံနက် ၁၀ နာရီခွဲအချိန်တွင် မဇ္ဈိမကို ပြောသည်။
No comments:
Post a Comment