သီဟကိုကို
ကမ္ဘာလှည့်ခရီးသည် ၁၅၃ ဦးသည် ရှေးဟောင်းမော်တော်ယာဉ် ၇၅ စီးဖြင့် မြန်မာနိုင်ငံသို့ လည်ပတ်ရန် မြဝတီနယ်စပ် ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်လာသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ရှေးဟောင်း မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်များသည် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြ၀တီနယ်စပ်ဂိတ်မှ ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ မော်တော်ယာဉ်များဖြင့် မော်လမြိုင်၊ နေပြည်တော်၊ အင်းလေး၊ မန္တလေး၊ ပုဂံ၊ ရန်ကုန်သို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် Essence of Myanmar Travels & Tours ကုမ္ပဏီမှ အဆိုပါ ရှေးဟောင်း မော်တော်ယာဉ်များဖြင့် မြန်မာနိုင်ငံအတွင်း လည်ပတ်မည့် ခရီးစဉ်ကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကမ္ဘာလှည့်ခရီးသည်များသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ပြီး မော်တော်ယာဉ်များကို ရန်ကုန်ဆိပ်ကမ်းမှ တစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်သယ်ဆောင်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် တိုးတက်ဝင်ရောက်လာပြီးနောက် နိုင်ငံအတွင်း လည်ပတ်သည့် ခရီးစဉ်များကို ရှေးဟောင်းမော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများဖြင့် လည်ပတ်ရန် စီစဉ်လာကြသည်။
၂၀၁၃ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ ပထမဆုံး ရှေးဟောင်းမော်တော်ယာဉ် လာရောက်လည်ပတ်သည့် ခရီး စဉ် စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်း၌လည်း မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် နိုင်ငံခြားခရီးသည်များ လာရောက်လည်ပတ်ခဲ့သည်။
No comments:
Post a Comment