သီဟကိုကို
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ဝန်ဆောင်မှုလုပ်ငန်း သုံးခုတို့ကို ၂ဝ၁၅ အောက်တိုဘာလတွင် ပုဂ္ဂလိကနှင့် ဖက်စပ်တည်ထောင်ပြီးဖြစ်ရန် ဆောင်ရွက်သွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ဝန်ဆောင်မှု လုပ်ငန်းသုံးခုဖြစ်သော ရေနံတွင်းတူးစက် ဝန်ဆောင်မှုလုပ်ငန်း၊ ဆိုက်စမစ်တိုင်းတာခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတို့ကို ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် အကျိုးတူဆောင်ရွက်သွားမည် ဖြစ်သည်။
ရေနံတွင်းတူးစက် ဝန်ဆောင်မှုလုပ်ငန်းအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ ၂၆ စောင်၊ ဆိုက်စမစ် တိုင်းတာရေး ဝန်ဆောင်မှု လုပ်ငန်းအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ ၁၅ စောင်၊ ပိုက်လိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ ၂၈ စောင်တို့ကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ တင်သွင်းထားသည်။
အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းသုံးမျိုးကို ပုဂ္ဂလိကနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ အကျိုး တူပူးပေါင်းဆောင်ရွက်ရေးအတွက် တင်ပြထားသည့် စိတ်ဝင်စားမှုအဆိုပြုလွှာများကို နိုင်ငံတကာအကြံ ပေးကုမ္ပဏီများ ငှားရမ်းကာ စိစစ်ဆောင်ရွက်နေသည်။
စွမ်းအင်ဝန်ကြီးဌာနရှိ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းနှင့် မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းများမှ ဝန်ဆောင် မှုလုပ်ငန်းအချို့ကို ကော်ပိုရေးရှင်း အသွင်းကူးပြောင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံအချို့ကို ပုဂ္ဂလိကလုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး လုပ်ငန်းကြီးကြပ်မှု ကော်မတီဖွဲ့စည်းဆောင်ရွက်နေခြင်း ဖြစ်သည်။
No comments:
Post a Comment