Tuesday, February 3, 2015

၂၀၁၅ ရွေးကောက်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ရန် မွန်အမျိုးသားပါတီ ညီလာခံ၌ ဆုံးဖြတ်

ရွှေဟင်္သာ

မွန်အမျိုးသား ပါတီ (MNP) ၏ သုံးရက်တာ ကျင်းပခဲ့သည့် ပါတီ၏ ပထမဦးဆုံး အကြိမ် ညီလာခံ၌ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ယခု ကျင်းပသည့် ညီလာခံ၌ တွဲဖက် အတွင်းရေးမှူး (၁) အဖြစ် အရွေးချယ် ခံခဲ့ရသူ နိုင်စိုးမြင့်က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၃၁) ရက်နေ့၌ အတည်ပြု ပြောကြားသည်။

“၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ကျနော်တို့ MNP ပါတီ အနေနဲ့ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ဖို့ အစီအစဉ် ရှိပါတယ်။ အခု ညီလာခံက ရွေးချယ်တဲ့ ဗဟို ကော်မတီတွေ ပေါ့နော် လာမယ့် အစည်း အဝေးမှာ သူတို့ ဆွေးနွေး ဆုံးဖြတ် သွားမယ်” ဟု နိုင်စိုးမြင့်က ရွှေဟင်္သာ သတင်း ဌာနအား အတည်ပြု ပြောသည်။

သို့သော်လည်း ထိုဆုံးဖြတ်မှာ ယခင် ရှိထားသည့် ပါတီ၏မူ အရ ဆုံးဖြတ် ထားသည့် ဆုံးဖြတ်ချက်အား ထပ်မံ၍ ညီလာခံ၌ အတည်ပြု ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကာ ထို ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ မွန်အမျိုးသား ပါတီ၏ ရွေးကောက်ပွဲ ဆိုင်ရာ မူဝါဒ များအား ပါတီ ဗဟို ကော်မီတီ များမှ ဇန်နဝါရီလ (၄) ရက်နေ့ မွန်အမျိုးသားနေ့ အခမ်းအနား နောက်ပိုင်း မှသာ ထပ်မံ၍ စည်းဝေး ဆုံးဖြတ် သွားကြ ရဦးမည် ဖြစ်ကြောင်း MNP ဗဟိုကော်မီတီဝင် တဦး ဖြစ်သည့် မင်းဖေသန်း ကလည်း ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

“အရင်ကတည်းက ဆုံးဖြတ် ထားတာ၊ အခု ညီလာခံမှာက ဒီအချက်နဲ့ ပတ်သက်ပြီး ဘာမှ ထပ်မဆွေးနွေးတော့ပဲ အရင် ဆုံးဖြတ်ချက် ကိုပဲ ထပ်ပြီး အတည်ပြု လိုက်တာ၊ အခု ညီလာခံ မှာက ခေါင်းဆောင်တွေ ရွေးတယ်၊ ဗဟိုကော်မီတီတွေ ရွေးတာရယ်၊ နောက်တော့ ပါတီ ဖွဲ့စည်းပုံ ရေးဆွဲရေး စတာတွေနဲ့ သုံးရက် ကုန်သွားတယ်” ဟု မင်းဖေသန်းက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ယခု ကျင်းပသည့် မွန်အမျိုးသား ပါတီ၏ ပထမ အကြိမ် ပါတီ ညီလာခံ၌ ဥက္ကဋ္ဌ အဖြစ် နိုင်ငွေသိမ်း၊ ဒုဥက္ကဋ္ဌ (၁) အဖြစ် နိုင်သက်လွင်နှင့် ဒုဥက္ကဋ္ဌ (၂) အဖြစ် နိုင်ငွေသိန်းတို့ အရွေးချယ် ခံခဲ့ရကာ၊ အတွင်းရေးမှူး အဖွဲ့ဝင် များအဖြစ် အထွေထွေ အတွင်းရေးမှူး နိုင်လယီတမား၊ တွဲဖက် အတွင်းရေးမှူး (၁) အဖြစ် နိုင်စိုးမြင့်နှင့် တွဲဖက် အတွင်းရေးမှူး (၂) အဖြစ် ဒေါက်တာ မင်းကြည်ဝင်းတို့ အသီးသီး အရွေးချယ် ခံခဲ့ ရသည်။

မွန်အမျိုးသား ပါတီ အနေဖြင့် လာမည့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်သည်မှာ ကောင်းမွန်သည့် ဆုံးဖြတ်ချက် ဖြစ်သော်လည်း လက်ရှိ မွန်ပြည်နယ် အတွင်း ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သည့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသား ပါတီ ဟူ၍ မွန်နိုင်ငံရေး ပါတီ နှစ်ခု ရှိနေကာ ၂၀၁၅ ရွေးကောက်ပွဲ၌ မွန်ပြည်သူ များအား အကျိုးပြု နိုင်မည့် ကိုယ်စားလှယ် အစစ်အမှန်ကို ရွေးချယ်၍ မဲပေး တတ်ရန် မွန်ပြည်သူများမှ ရွေးချယ် တတ်ရန် လိုကြောင်း မွန်နိုင်ငံရေး အကဲခတ် တဦး ဖြစ်သည့် နိုင်စွန်းထွမ်က ရွှေဟင်္သာ သတင်းဌာနအား သုံးသပ် ပြောဆိုသည်။

“ပြည်သူလူထုက အဓိက ကျပါတယ်။ သူတို့ရဲ့ ကိုယ်စားလှယ် အစစ်အမှန် ပေါ့လေ။ ပြည်သူ တွေရဲ့ အကျိုးကို ဘယ်သူက ဆောင်ရွက် နိုင်မလဲ ဆိုတာ သူတို့ ရွေးတတ်ဖို့ လိုတယ်။ တကယ်လို့ ပြည်သူက ရွေးတတ်ရင် ဘယ်နှစ်ပါတီ ဖြစ်ဖြစ် ပြည်သူကို အမှန်တကယ် ကိုယ်စားပြု နိုင်မယ့် ကိုယ်စားလှယ် တွေကိုပဲ ရွေးချယ် သွားမှာပေါ့” ဟု နိုင်စွမ်းထွမ်က သုံးသပ် ပြောဆိုသည်။

မွန်အမျိုးသားပါတီ အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် နိုင်ရေးအတွက် ဆက်လက် တောင်းဆို သွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် လုပ်ဆောင် နိုင်ရန် အတွက် လွှတ်တော် အတွင်း သာမက (၃) ပွင့်ဆိုင် ဆွေးနွေးရေး ကိစ္စ ရလာဒ် သည်လည်း အဓိက ကျကြောင်း နိုင်စိုးမြင့်က သုံးသပ် ပြောကြားသည်။

“ပြုပြင် ပြောင်းလဲရေး အတွက် လွှတ်တော် တခုလောက်နဲ့ မလုံလောက်ဘူး မြင်တာပေါ့နော်။ ပြောင်းလဲ ဖို့က ၂၀၀၈ ဥပဒေ အတိုင်းဆို ခက်ခဲ ပါတယ်။ ကျွန်တော်တို့ လက်ရှိ အစိုးရရယ် UNFC ရယ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကနေ အဲဒီက ထွက်ပေါ် လာတဲ့ ရလာဒ် တွေကလည်း အဓိက ကျတာပေါ့ဗျာ” ဟု နိုင်စိုးမြင့်က သုံးသပ် ပြောကြားသည်။

ဇန်နဝါရီလ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့ အထိ မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာ ရပ်ကွက်ရှိ မွန်အမျိုးသားပါတီ ဗဟို ဌာနချုပ် ရုံး၌ ကျင်းပခဲ့သည့် လေးရက်တာ ပထမ အကြိမ် ပါတီ ညီလာခံမှ မွန်အမျိုးသား ပါတီ၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် (၃၁) ဦး၊ ဗဟို ကော်မီတီဝင် (၉၃) ဦး တို့အား ရွေးချယ် ခဲ့ကာ ထိုပါတီ ခေါင်းဆောင် များသည် (၅) နှစ်တာ သက်တမ်း ရှိမည် ဖြစ်သည်။

သို့သော်လည်း အမျိုးသမီးများ တောင်းဆို ထားသည့် အမျိုးသမီး ပါဝင်မှု ၃၀ ရာခိုင်နှုန်း မပြည့်ခဲ့ သော်လည်း ၁၆ ရာခိုင်နှုန်းခန့် ရှိခဲ့ကာ ယခင်ထက် အမျိုးသမီး ဦးရေ ပါဝင်မှု များလာပြီး ပါတီ၏ အတွင်းရေမှူး အဖွဲ့ ရွေးချယ်ရာ၌ အမျိုးသမီး တစ်ဦး ဝင်ရောက် ယှဉ်ပြိုင် ခဲ့သော်လည်း ရှူံးနိမ့် ခဲ့ရကြောင်း ဗဟိုကော်မီတီဝင် မင်းဖေသန်းက ပြောသည်။

No comments: