သီဟကိုကို
အခွန်ရုံးသို့ နှစ်အဆက်ဆက် အခွန်ပေးဆောင်ခြင်းမရှိ၊ ဆက်သွယ်မှုမရှိသော ကုမ္ပဏီပေါင်း ၄,၉၁၃ ခုရှိနေသည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကုမ္ပဏီများ ဆိုင်ရာအခွန်ရုံးက ဖေဖော်ဝါရီ ၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ကုမ္ပဏီများသည် ကုမ္ပဏီများ ဆိုင်ရာအခွန်ရုံးသို့ ဖေဖော်ဝါရီ ၁၇ ရက် မတိုင်မီ နှစ်ချုပ်စာရင်း အထောက်အထား အပြည့်အစုံဖြင့် တင်ပြကြရမည်ဖြစ်ပြီး လုပ်ငန်းရပ်ဆိုင်းထားသော ကုမ္ပဏီများဖြစ် ပါက လုပ်ငန်းရပ်ဆိုင်းထားကြောင်း စာဖြင့်အကြောင်းကြားရန် လိုအပ်မည်ဖြစ်သည်။
အခွန်ရုံးသို့ နှစ်အဆက်ဆက် အခွန်ပေးဆောင်ခြင်းမရှိ၊ ဆက်သွယ်ခြင်းလုံးဝမရှိသောကုမ္ပဏီများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။
ကုမ္ပဏီတည်ထောင်ပြီး အခွန်ရုံးသို့ ဆက်သွယ်ဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီများအမည်စာရင်းကို ပြည်တွင်းအခွန်များ ဦးစီးဌာန၏ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားပြီး ၂ဝ၁၄ ခုနှစ် ဧပြီလနောက်ပိုင်းတွင် စတင်တည်ထောင်သည့် ကုမ္ပဏီများကို ထည့်တွက်ထားခြင်းမရှိဟု ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကလည်း အခွန်ထမ်းဆောင်ရန် ပျက်ကွက်မှုနှင့် ကုမ္ပဏီ လိပ်စာ ဆက်သွယ်ရန်မရှိသည့် ကုမ္ပဏီပေါင်း ၁၉ဝ ကျော်ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည်ဟု ထုတ်ပြန်ထားသည်။
ပြီးခဲ့သည် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင်လည်း အခွန်စည်းကြပ်မှု ခံယူခြင်းမရှိသေးသောကုမ္ပဏီများနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသို့ လာရောက်ဆက်သွယ်မှု မရှိသေးသော ကုမ္ပဏီများကို စိစစ်ဖော်ထုတ်ချက်အရ ကုမ္ပဏီပေါင်း ၈,၂ဝဝ ကျော်ရှိခဲ့သည်။
အဆိုပါကုမ္ပဏီများအနက် ကုမ္ပဏီ ၁,ဝဝဝ ကျော်သာ ကုမ္ပဏီများဆိုင်ရာအခွန်ရုံးသို့ သတ်မှတ်ရက် အတွင်း လာရောက်ဆက်သွယ်ခဲ့ပြီး အခွန်ရုံးသို့ လာရောက်ဆက်သွယ်ခြင်းမရှိခဲ့သည့် ကုမ္ပဏီပေါင်း ၂,ဝဝဝ ကျော်ရှိခဲ့ကာ ကုမ္ပဏီပေါင်း ၃,ဝဝဝ ခန့်သည် ယခင်ကတည်းက ကုမ္ပဏီမှတ်ပုံ တင်ထားခြင်းကို တရားဝင် ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသည့် အခွန်ထမ်းဦးရေ နှစ်သိန်းခန့်သာရှိသေးပြီး နိုင်ငံ့ လူဦးရေ စုစုပေါင်း၏ ဝ ဒသမ ၄ ရာခိုင်နှုန်းသာရှိကာ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အခွန် ကောက်ခံရရှိမှုတွင် နည်းပါးလျက် ရှိနေသေးသည်။
အခွန်အကောက်စီမံအုပ်ချုပ်မှု အားနည်းခြင်းများကြောင့် အခွန်ကောက်ခံခြင်းနှင့် အခွန်ပေးဆောင်ခြင်းများသည် နည်းပါးလျက်ရှိနေပြီး အခွန်အကောက်နှုန်းထားများကို မြှင့်တင်ခြင်းဖြင့် အခွန်ရငွေမြှင့်တင်ရန် လုပ်ဆောင်နိုင်သော်လည်း ကောက်ခံမှု တိုးတက်လာမှသာ အခွန်ငွေ ပိုမိုရရှိစေမည်ဟု အိုအီးစီဒီအဖွဲ့က သုံးသပ်ထားသည်။
No comments:
Post a Comment