Saturday, February 7, 2015

ပုဂ္ဂလိက စက်သုံးဆီဆိုင်များ အရည်အသွေး စစ်ဆေးတော့မည်

မေစိုးစံ

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် ဖြန့်ဖြူး ရောင်းချလျက်ရှိသော စက်သုံးဆီ အရည်အသွေးများကို ဓာတ်ခွဲခန်းပါသည့် ယာဉ်များဖြင့် ပုံမှန် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ တိုင်း ရောင်းဝယ်ရေး အရာရှိ ဦးတင်နိုင်စိုးက “လိုင်စင်ပါ စည်းကမ်းချက်တွေအတိုင်း အရေးယူသွားမယ်။ လိုင်စင်မှာ လိုက်နာရမယ့် စည်းကမ်းတွေပါပြီးသား၊ တလအတွင်းမှာ နှစ်ဆိုင် သို့မဟုတ် သုံးဆိုင် လှည့်ပြီး စစ်မယ်၊ ဖေဖော်ဝါရီ မီးဘေးလုံခြုံရေး ပြီးရင် စစ်ဆေးသွားမယ်၊ အချိန်ကိုတော့ အတိအကျ မပြောနိုင် ဘူး’’ဟု ပြောဆိုသည်။

စစ်ဆေးအရေးယူခြင်းများကို ဆောင်ရွက်နိုင်ရန် ရေနံရော ဓာတ်ဆီပါ အရည်အသွေး စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းပါ Mobile Fuel Lab ယာဉ် အသစ် ၅ စီးကို မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက ၀ယ်ယူထားကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီကလည်း ယာဉ်တစီး လှူဒါန်းထားကြောင်း၊ စုစုပေါင်းယာဉ် ၆ စီးဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ယာဉ် ၆ စီးကို မန္တလေးတိုင်းဒေသကြီးသို့ ၂ စီး၊ ရန်ကုန်တိုင်း ဒေသကြီးသို့ ၂ စီး ခွဲဝေပေးထားပြီး အရန် အနေဖြင့်လည်း ၂ စီး ထားရှိသွားမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စက်သုံးဆီ အရည်အသွေး စစ်ဆေးနိုင်သည့် ယာဉ် တစီးကို အမေရိကန်ဒေါ်လာ ၂ သိန်းဖြင့် ၀ယ်ယူခဲ့ပြီး မြန်မာနိုင်ငံသို့ ဒီဇင်ဘာလတွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အစိုးရက စက်သုံးဆီဆိုင်များကို ၂၀၁၀ ပြည့်နှစ်တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးပြီးနောက်ပိုင်း အရေအတွက် မြောက်များစွာ တိုး လာ၍ ရန်ကုန်မြို့ တမြို့တည်းတွင် အရောင်းဆိုင်ပေါင်း ၁၁၃ ဆိုင်အထိ ရှိလာကြောင်း သိရသည်။

ယခင်ကလည်း လိုက်လံ စစ်ဆေးခြင်းမျိုး ရှိခဲ့ကြောင်း၊ အရည်အသွေး မပြည့်သည့်ဆိုင်များကို အချိန်ကာလ တလမှ သုံးလ အထိ ဆိုင်ပိတ်သည်အထိ အရေးယူခြင်း ပြုလုပ်ခဲ့ဖူးကြောင်းလည်း ဦးတင်နိုင်စိုးက ပြောသည်။

ထို့ပြင် ယခင်က နိုင်ငံခြားမှ စက်သုံးဆီများ တင်သွင်းလာသည်နှင့် ရန်ကုန်မြို့ရှိ သန်လျင် ရေနံချက် စက်ရုံနှင့် နှင့် မကွေးတိုင်း ဒေသကြီးရှိ သံပုရာကန် စက်ရုံတို့တွင် ဓာတ်ခွဲ စစ်ဆေးပြီးနောက် ဓာတ်ခွဲခန်း ထောက်ခံချက်ဖြင့် ဖြန်ဖြူးခွင့်ပေးခဲ့ကြောင်း၊ နောက် ပိုင်းတွင် ဓာတ်ခွဲခန်း စမ်းသပ်ခနှုန်း ဈေးမြင့်၍ သက်ဆိုင်ရာက ကုန်ကျစရိတ် ခံပေးနိုင်ခြင်း မရှိသောကြောင့် စစ်ဆေးမှု အားနည်း ခဲ့ကြောင်း သိရသည်။

ဦးတင်နိုင်စိုးက“အရည်အသွေးနဲ့ ပတ်သက်ပြီး သန်လျင်မှာပဲ တခါစစ်ရင် ပိုက်ဆံက ကျပ် နှစ်သိန်း ခြောက်သောင်း လောက် ကုန် တယ်။ ဓာတ်ဆီပဲ စစ်စစ်၊ ဒီဇယ်ပဲ စစ်စစ်။ ဒီကုန်ကျစရိတ်ကို မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်းက ကျခံပေးတာပေါ့’’ဟု ပြောသည်။

ထိုသို့ အရည်အသွေး စစ်ဆေးရာတွင် ရေပါဝင်မှုနှုန်းသည် ၁၀၀ ရာခိုင်နှုန်း မကင်းနိုင်ကြောင်း၊ ဆီများသည် အငွေ့ပျံတတ်ကြောင်း၊ ထို့ကြောင့် ဆီကန်များကို အနည်းဆုံး သုံးကြိမ်ခန့် တိုင်းရကြောင်း စက်သုံးဆီ ရောင်းချသော မက်စ် စွမ်းအင် ကုမ္ပဏီ လီမီတက်မှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးဇေယျာထွန်းက ပြောဆိုသည်။

“အခုက ဆီဆိုင်တွေက များလာတယ်၊ အရင်အစိုးရ လက်ထက်မှာက ရာဂဏန်းပါ၊ အခု မြန်မာတနိုင်ငံလုံးမှာ ဆီဆိုင်အရေအတွက် က ၁၀၀၀ ကျော်ရှိတယ်၊ ရန်ကုန် တမြို့တည်းမှာပဲ ဆီဆိုင်အရေအတွက်က ၁၀၀ ကျော်ရှိတယ်၊ သုံးစွဲသူရဲ့ ရွေးချယ်မှုက အရမ်း များသွားပြီ၊ တဆိုင်မှာ အဆင်မပြေရင် နောက်တဆိုင်ကို ပြောင်းသွားမှာပါ”ဟုလည်း ၎င်းက ပြောသည်။

ဒီဇယ်ဆီ အသုံးပြုသည့် အငှားယာဉ်မောင်း ဦးမိုးက“ဆီ ပြည့်မပြည့်က ကီလိုပေါ်မှာ ကြည့်လို့ရတယ်။ အများစု ဆိုင်တွေက ပန့်တွေကတော့ ဆီသန့်လာတယ်၊ မှန်ကန်မှုရှိလာပါတယ်”ဟု ပြောပြသည်။

လက်ရှိ ပြည်တွင်းတွင် ဒီဇယ် (ရိုးရိုး ၊ ပရီမီယံ)၊ အောက်တိန်းဆီ 92 နှင့် 95 အမျိုးအစားများကို အဓိက ရောင်းချပေးနေကြောင်း၊ ပြည်တွင်းသို့ စက်သုံးဆီတင်သွင်းမှုသည် ဒီဇယ်ဆီ တလလျှင် တန်ချိန် တသိန်းခွဲမှ နှစ်သိန်း အထိ တင်သွင်း နေကြောင်း၊ ဓာတ်ဆီ တလလျှင် တန်ချိန် ငါးသောင်းမှ ခုနှစ်သောင်း အထိ တင်သွင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်း၏ စာရင်းအရ သိရသည်။

No comments: