Thursday, February 26, 2015

ထောင်ပြောင်းစဉ် ဒဏ်ရာရသည့် ကချင်အမျိုးသမီး အကျဉ်းသူတစ်ဦး အသက်အန္တရာယ် စိုးရိမ်ရ

မင်းမင်း

လောက်ကိုင် အကျဉ်းထောင်မှ အကျဉ်းသားများအား လားရှိုးထောင်သို့ ပြောင်းရွှေ့စဉ် လမ်းခုလတ်တွင် လက်နက်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ယာဉ်တိမ်းမှောက်ပြီး ဒဏ်ရာရခဲ့သူများအနက် ကချင်အမျိုးသမီး အကျဉ်းသူတစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ကွမ်းလုံမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့က ဖေဖော်ဝါရီ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

လောက်ကိုင်မြို့၊ စီအော အကျဉ်းထောင်မှ အကျဉ်းသားများ၊ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင် ဒေသခံများကို ဖေဖော်ဝါရီ ၂၃ ရက်က လားရှိုးမြို့သို့ ပြောင်းရွှေ့စဉ် လုံထန်ရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဉ်တိမ်းမှောက်ပြီး ဒဏ်ရာအသီးသီးရခဲ့သဖြင့် အကျဉ်းသူ အမျိုးသမီး ၄၅ ဦး၊ ယာဉ်မောင်းတစ်ဦးနှင့် ထောင်ဝါဒါ အမျိုးသမီး ၃ ဦးတို့ကို ကွမ်းလုံဆေးရုံသို့ ပို့ဆောင်ကုသခဲ့ခြင်း ဖြစ်သည်။

ထိုသူများအနက် ဒဏ်ရာပြင်းထန်သည့် အကျဉ်းသူ အမျိုးသမီး နှစ်ဦးကို အတွင်းလူနာအဖြစ် ကုသထားရပြီး အသက်အန္တရာယ်စိုးရိမ်ရသူမှာအသက်သုံးဆယ်ကျော်အရွယ် မလုအောင် အမည်ရှိ ကချင်အမျိုးသမီး အကျဉ်းသူဖြစ်သည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ သိန်းမြို့က ပြောသည်။

“အခုထိ သတိမလည်သေးဘူး။ အသက်စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနိုင်တယ်။ သေကောင်းလည်း သေနိုင်တယ်ပေါ့နော်။ တိုးတက်တဲ့ လက္ခဏာရှိပေမယ့် အာမခံလို့ မရသေးဘူးပေါ့” ဟု ဆေးရုံအုပ်ကြီးက ဆိုသည်။

ဒဏ်ရာရရှိသူအားလုံးမှာ လက်နက်ဖြင့် ပစ်ခတ်ခံရသည့် ဒဏ်ရာများ မဟုတ်ဘဲ ယာဉ်တိမ်းမှောက်မှုကြောင့် ရရှိသည့် ဒဏ်ရာများဖြစ်ကြောင်း၊အတွင်းလူနာ နှစ်ဦးမှ အပ ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသူအားလုံးကို ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) နံနက် ၁၁ နာရီတွင် ပြည်ထဲရေးဌာနသို့ လွှဲပြောင်းကာ လားရှိုးအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း၊ အကျဉ်းသူ အများစုမှာ မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျသူများ ဖြစ်ကြောင်းလည်း ဆေးရုံးအုပ်ကြီးက ရှင်းပြသည်။

ကိုးကန့်ဒေသတွင် တိုက်ပွဲစဖြစ်ကတည်းက ကွမ်းလုံဆေးရုံတွင် ဆေးဝါးနှင့်ဝန်ထမ်း အလုံအလောက် ထားရှိသော်လည်း “လူငါးဆယ်လောက်ဒလဟောရောက်လာတော့ နည်းနည်းတော့ မနိုင်မနင်းဖြစ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၉ ရက်ကစပြီး အစိုးရတပ်နှင့် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားရာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို သမ္မတအမိန့်ဖြင့် တပ်မတော်သို့အာဏာလွှဲပေးခဲ့သည်။

No comments: