ခင်ဦးသာ
ထိုင်းနိုင်ငံ တောင်ပိုင်း၊ ကော့စမွေ ဒေသ၌ မြန်မာ အလုပ်သမား အမျိုးသမီးငယ်တဦး အသတ်ခံရကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီးသည် အလုပ်သမား မှတ်ပုံတင်အရ မဖူးငယ်ငယ် (ခ) ချောငယ်ငယ် အသက် (၂၂ နှစ်) ဖြစ်သည်ဟု သိရပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့ က အသတ်ခံရခြင်း ဖြစ်ကြောင်း၊ မဖူးငယ်ငယ်သည် မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ် မူးရစ်ကလေး ကျေးရွာမှ ဖြစ်ကြောင်း ထိုအမှုကို ကူညီဆောင်ရွက်ပေးနေသူများက ဧရာဝတီကို ပြောသည်။
သေဆုံးသူ မဖူးငယ်ငယ်သည် ၂၂ ရက်နေ့ ညနေ ၈ နာရီ ၀န်းကျင်တွင် သူငယ်ချင်းများနှင့်အတူ ညနေစာ သွားစားကြပြီး ၁၀ နာရီ ၀န်းကျင်တွင် အိမ်ပြန်လာကြောင်း၊ ထိုည ၁၂ နာရီဝန်းကျင်တွင် လူငယ်တဦးက လာခေါ်၍ ဆိုင်ကယ်နှင့်အတူ လိုက်ပါသွားပြီးနောက်၊ ၂၃ ရက်နေ့တွင် သေဆုံးသည့် သတင်းကိုသာ ကြားရသည်ဟု မဖူးငယ်ငယ်၏ သူငယ်ချင်းများက ပြောဆိုကြောင်း ထိုအမှုကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ ကော့စမွေမှ ကိုသန်းရွှေက ဧရာဝတီကို ပြောသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ မဖူးငယ်ငယ်ကို သတ်သူများသည် မြန်မာနိုင်ငံသား အလုပ်သမား ၃ ဦး ဖြစ်ကြောင်း၊ မဖူးငယ်ငယ်ကို တဖက်သတ် ကြိုက်နေသည့် ယောက်ျားစိတ်ပေါက်နေသူ မနန်ဖွန်ဆိုသူက သူ့ကို ပြန်မကြိုက်သည့်အတွက် တခြားမြန်မာ အမျိုးသားတဦးနှင့် အမျိုးသမီးတဦးကို ထိုင်းဘတ်ငွေ ၃ သောင်း ပေး၍ ပူးပေါင်းကြံစည်ကာ သတ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုကြောင်း ကိုသန်းရွှေက ဆက်ပြောသည်။
မဖူးငယ်ငယ်၏ လည်ပင်းတွင် ချွန်ထက်သည့် အရာနှင့်ထိုးသတ်ခံရကြောင်း၊ မနန်းဖွန်နှင့် အတူ ပူးပေါင်းကြံစည်သူ ၂ ဦးကို ကော့စမွေ ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
လူသတ်မှုနှင့် ပတ်သက်၍ မဖူးငယ်ငယ်၏ အစ်မ မစုစုကျော်က ဆက်သွယ် အကူအညီ တောင်းခံခဲ့ကြောင်း၊ မြန်မာသံရုံးသို့လည်း အကြောင်းကြားထားကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ အကြောင်းအမျိုးမျိုးကြောင့် မကြာခဏ အသတ်ခံရမှု ဖြစ်ပွားပြီး အများအားဖြင့် အမှုမှန် ပေါ်ပေါက်ရန်၊ လူသတ်တရားခံ အစစ်အမှန် ဖော်ထုတ်နိုင်ရန် ခက်ခဲခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။ ထိုင်းနိုင်ငံ၌ မြန်မာ နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား ၃ သန်း ကျော် ရှိသည်။
No comments:
Post a Comment