ဧရာဝတီ
ယခုနှစ်အတွင်း အပြီးသတ် အကောင်အထည် ဖော်မည့် စတော့အိပ်ချိန်းအတွက် ယမန်နှစ် ဒီဇင်ဘာလက သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာ့စီးပွားရေး ဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့ အိပ်ချိန်းက ၁၈ ရာခိုင်နှုန်း ကျော်နှင့် ဂျပန်ဒိုင်ဝါ သုတေသနက ၃၀ ရာခိုင်နှုန်းကျော် ထည့်ဝင်မည်ဟု သိရသည်။
စတော့ဈေးကွက်ကို ကြီးကြပ်မည့် Stock Exchange Commission (SEC) ကို ဖွဲ့စည်းပြီးသော်လည်း စတော့အိပ်ချိန်း တွင် စာရင်းဝင်ကာ အစုရှယ်ယာများ ရောင်းချမည့် Listed ကုမ္ပဏီ များအတွက် စံနှုန်းသတ်မှတ်ချက်များ အတည်ပြု မထုတ်ပြန်ရသေး ခြင်း စသည့်ကိစ္စများ ကျန်ရှိသေးသည်။
စတော့အိပ်ချိန်း ထူထောင်မှုနှင့် ပတ်သက်၍ သိရှိလိုကြသည် မှာ စတော့အိပ်ချိန်းဈေးကွက် မြန်မာနိုင်ငံတွင် တကယ်အလုပ်ဖြစ် မဖြစ်နှင့် စတော့ဈေးကွက် အလေ့အထ၊ ပွင့်လင်းမြင်သာမှု အလေ့အကျင့်မရှိခဲ့သော မြန်မာနိုင်ငံတွင် စတော့ဈေးကွက်အတွင်း ပါဝင်ဆောင်ရွက်မည့် ကုမ္ပဏီများ၏ ယုံကြည်စိတ်ချရမည့် အနေအထားတို့ ဖြစ်သည်။
ပထမအချက်အနေဖြင့် စတော့အိပ်ချိန်း အလုပ်ဖြစ်ရန် မြန်မာပြည်တွင် ခြေခင်းလက်ခင်းသာသည့် အခြေအနေ ရှိ၊ မရှိပေါ်တွင် မူတည်သည်။ နိုင်ငံရေးအရ လူမျိုးရေး ဘာသာရေး အခြေခံ ပြည်တွင်း ပဋိပက္ခများ၊ ပြည်တွင်း ငြိမ်းချမ်းရေး မတည်ဆောက်နိုင်မှု၊ ဆက်တိုက်ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများက အတားအဆီးဖြစ်နေသည်။ စီးပွားရေးအရ လက်ရှိမြန်မာ့စီးပွားရေးကို ချုပ်ကိုင်ထားသော စစ်တပ်နှင့် ခရိုနီများ၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်လိုမှု များနေပြီး ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု အားနည်းလွန်းနေသော အနေအထားကလည်း စတော့အိပ်ချိန်းအတွက် စိန်ခေါ်မှုကြီးဖြစ်သည်။
ဒုတိယတချက်မှာ စတော့ ဈေးကွက်တွင် စာရင်းတင်မည့် ကုမ္ပဏီများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အခန်းကဏ္ဍဖြစ်သည်။ စတော့ အိပ်ချိန်းသို့ဝင်ရန် အလားအလာရှိသည့် ကုမ္ပဏီ ၁၀ ခုခန့် ရှိသည် ဆိုသော်လည်း စတော့အိပ်ချိန်း တကယ်စတင်သောအခါ ကုမ္ပဏီ၂ ခု၊ ၃ ခုခန့်နှင့် စတင်နိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။
ကုမ္ပဏီများကို SEC က ကြီးကြပ်မည်ဆိုသော်လည်း အမှီအခိုကင်းမှုနှင့် ပတ်သက်ပြီး သံသယရှိနေကြသည်။ စတော့အိပ်ချိန်းဖွင့်ရန် ရည်ရွယ်ထားသော မြဝတီဘဏ်သည် တပ်မတော်ပိုင်ဖြစ်နေပြီး အမေရိကန်၏ စီးပွားရေးဒဏ်ခတ်မှု ခံထားရသော စစ်တပ်နှင့် ခရိုနီပိုင် ကုမ္ပဏီများ စတော့အိပ်ချိန်းတွင် စာရင်းတင်ခံမည်လား မေးခွန်းထုတ်စရာဖြစ်သည်။
စတော့အိပ်ချိန်းသို့ စာရင်းဝင်ရန် စံနှုန်းမမီသည့် ကုမ္ပဏီများ၏ ရှယ်ယာများရောင်းဝယ်ရေးအတွက် ကောင်တာဈေးကွက်တည်ထောင်ခွင့်ကို SEC က ခွင့်ပြုချက်ပေးမည်ဟု ဆိုရာ ထိုကောင်တာ ဈေးကွက်က စတော့ဈေးကွက်ထက် ကျယ်ပြန့်သွားမည်လားဟုလည်း သံသယရှိသည်။ ငွေခဝါချမှု တရားဝင်ဖြစ်သွားစေနိုင်သည်။
စတော့အိပ်ချိန်း၏ အနှစ်သာရမှာ အရင်းအနှီးဈေးကွက်ဖွင့်ခြင်းဖြစ်ပြီး နိုင်ငံတကာငွေကြေးစနစ်နှင့် ပြန်လည်ချိတ်ဆက်ခြင်းဖြစ်ရာ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းခိုင်မာမှု မရှိလျှင် သော်၎င်း၊ စာရင်းတင်ထားသော ကုမ္ပဏီများ၏ စီမံခန့်ခွဲလုပ်ကိုင်မှု အားမကောင်းလျှင်သော်၎င်း ရင်းနှီးမြှုပ်နှံ သူမရှိ၊ အစုရှယ်ယာ အရောင်းအဝယ်မရှိဘဲ ဖြစ်နေနိုင်ပြီး လာအို၊ ကမ္ဘောဒီးယားတို့ကဲ့သို့ မည်ကာမတ္တ ဈေးကွက်သာ ဖြစ်နေ ပေလိမ့်မည်။
No comments:
Post a Comment