ခင်ဦးသာ
ကရင်အမျိုးသား အစည်းအရုံး (KNU )၊ “၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA )၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလား အထူးဒေသ (၄) အဖွဲ့တို့ ရှမ်းပြည်နယ်၊ မိုင်းလားတွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်တခုခု လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုလက်နက်ကိုင် အဖွဲ့ ၄ ခုသည် မိုင်းလားဒေသ၌ ဇန်န၀ါရီလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ကြကြောင်း၊ ဆွေးနွေးရသည့် အဓိက ရည်ရွယ်ချက်မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုနိုင်ရေးအတွက်ပင် ဖြစ်ကြောင်း၊ သမ္မတနှင့် တိုင်းရင်းသားအဖွဲ့ အများစုကလည်း ပြည်ထောင်စုနေ့၌ သဘောတူညီမှု တခုခု ရလိုကြကြောင်း RCSS/SSA မှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီသို့ ပြောသည်။
၎င်းက “ပြည်ထောင်စုနေ့ ဆိုတာက သမိုင်းနောက်ခံလည်း ကောင်းတော့ တချို့အဖွဲ့တွေက လက်မှတ်ထိုးချင်နေကြတယ်၊ ဒါပေမယ့် ထိုးမယ့် စာချုပ်က မရှိသေးဘူး ဖြစ်နေတယ်၊ ဒါကြောင့် စာချုပ်မရှိဘဲနဲ့ ဘာအပေါ်မှာ အခြေခံပြီး ထိုးကြမလဲဆိုတာ ဆွေးနွေးကြတာပါ” ဟု ဆိုသည်။
NCA လက်မှတ်ရေး ထိုးနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ ၆ ကြိမ်အထိ ဆွေးနွေးခဲ့ကြသော်လည်း ယနေ့အထိ အဖြေမထွက်နိုင်သေးကြောင်း၊ ၇ ကြိမ်မြောက် ဆွေးနွေးနိုင်ရေး အတွက်လည်း နှစ်ဖက်စလုံးက ကြိုးပမ်းနေကြဆဲ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ရေးထိုးနိုင်ခြင်း မရှိသေးသော်လည်း ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်နေကြကြောင်း၊ ထိုဆွေးနွေးနေမှုများ ရပ်တန့် မသွားစေရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြမည့် အကြောင်းအရာများကိုလည်း မိုင်းလား ဆွေးနွေးပွဲ၌ ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုင်းလား အထူးဒေသ (၄) အဖွဲ့၏ အမြဲတမ်း ဗဟိုကော်မတီဝင် ဦးခမ်းမောင်က ပြောရာတွင် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် NCA ကို လက်ရေးထိုးရန် ဆွေးနွေးခဲ့ကြသော်လည်း အဖြေမထွက်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
ဦးခမ်းမောင်က “အကုန်လုံးကတော့ ငြိမ်းချမ်းရေး ရဖို့ကိုပဲ ဆွေးနွေးကြတာပါ၊ ဒါပေမယ့် အဖြေမထွက်ခဲ့ဘူး၊ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ကြတာနဲ့ပဲ တွေ့ဆုံပွဲက ပြီးသွားတယ်” ဟု ဆိုသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတချို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ရပ်တန့်မသွားစေလိုကြောင်း၊ လက်ရှိ အခြေအနေများသည် နိုင်ငံရေး ပဋိပက္ခများကြောင့် ဖြစ်ပွားနေခြင်း ဖြစ်၍ နိုင်ငံရေး နည်လမ်းဖြင့် အဖြေရှာမှသာ တိုင်းပြည် ငြိမ်းချမ်းမည်ဟု မိုင်းလား ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများက ပြောသည်။
NCA အတွက် အဆင်သင့် မဖြစ်သေးသော်လည်း ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး သဘောတူညီချက် တခုခုကို ပြည်ထောင်စုနေ့ သို့မဟုတ် ပြည်ထောင်စုနေ့ အပြီးတွင် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ ထိုသို့ လက်မှတ်ရေးထိုးနိုင်ရန် ဦးဟန်ညောင်ဝေ ကိုယ်တိုင် တိုင်းရင်းသား အဖွဲ့များကို လိုက်လံ ညှိနှိုင်းနေကြောင်း သိရသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံရေး မူဝါဒများ ပါဝင်သည့် သဘောတူ စာချုပ်တခုကို လာမည့် ပြည်ထောင်စုနေ့၌ လက်မှတ်ရေးထိုးလိုသည်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ဇန်န၀ါရီလ တတိယပတ်တွင် သမ္မတထံ စာပေးပို့ထားသေးသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) မှ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလှမောင်ရွှေကကလည်း ပြည်ထောင်စုနေ့တွင် NCA လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသော်လည်း သဘောတူညီချက် တခုခုကို လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိကြောင်း ဧရာဝတီကို ပြောသည်။

No comments:
Post a Comment