Thursday, February 5, 2015

ပုဂ္ဂလိက သစ်တောစိုက်ခင်း ဧက ၈၇၀၀၀ ကျော် ထူထောင်ရန် လုပ်ငန်းရှင် ၁၉ ဦးအား သစ်တောဦးစီးဌာနက လုပ်ကိုင်ခွင့်ပြု

သီဟကိုကို

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရေးအတွက် သစ်တောမြေဧရိယာ ၈၇,ဝ၇၉ ဧကတွင် လုပ်ငန်းရှင် ၁၉ ဦးကို လုပ်ကိုင်ခွင့်ပြုခဲ့သည်ဟု သစ်တောဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် တိုင်းဒေသကြီး၊ ပြည်နယ် ရှစ်ခု ရှိ သစ်တောမြေ ၂၅၅,၅၅၅ ဧကတွင် လုပ်ကွက် ၉၇ ကွက် သတ်မှတ်ကာ အိတ်ဖွင့် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်တွင် တိုင်းနှင့်ပြည်နယ် ခြောက်ခုရှိ သစ်တောမြေ ၈၇,ဝ၇၉ ဧက၊ လုပ်ကွက် ၃၅ ကွက် အတွက် တင်ဒါအောင်မြင်သူများကို ထုတ်ပြန်ခဲ့သည်။

သစ်တောစိုက်ခင်း ထူထောင်ခြင်းလုပ်ငန်းကို ဗန်းမော်၊ ထီးချိုင့်၊ တမူး၊ ဒိုက်ဦး၊ ပဲခူး၊ ကျောက်တံခါး၊ တန င်္သာရီ၊ တာချီလိတ်၊ ပုသိမ်၊ သာပေါင်း၊ ငပုတောနှင့် လေးမျက်နှာမြို့နယ်များရှိ လုပ်ကွက်များကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။

လုပ်ကွက် ၃၅ ကွက်တွင် Mr. Prayad Champucha (Advance Argo Holdings Co., Ltd - Double A စက္ကူထုတ်လုပ်ရေး လုပ်ငန်း) မှ လုပ်ကွက်လုပ်ကိုင်ခွင့် အများဆုံးရရှိခဲ့ပြီး ပုသိမ်မြို့နယ်ရှိ လုပ်ကွက်ခြောက်ကွက်နှင့် သာပေါင်းမြို့နယ်ရှိ လုပ်ကွက်သုံးကွက်တို့ကို ပုဂ္ဂလိက သစ်တောစိုက်ခင်း ထူထောင်လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

ပုဂ္ဂလိက သစ်တောစိုက်ခင်း ထူထောင်ခြင်း လုပ်ငန်းကို ယခင်က နိုင်ငံသား လုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပြုခဲ့ရာ ယခုအကြိမ် တင်ဒါခေါ်ယူရာတွင် ပထမဦးဆုံးအဖြစ် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို လည်း ဖိတ်ခေါ်ခဲ့သည်။

ပုဂ္ဂလိက သစ်တောစိုက်ခင်း ထူထောင်ခြင်းလုပ်ငန်းကို ယခင်က ဧက ၅ဝဝ နှင့် အထက်သာ လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း ယခုအကြိမ် တင်ဒါတွင် ဧက ၁,ဝဝဝ နှင့် အထက် လုပ်ကိုင်ခွင့်ပြုရန် ပထမဦးဆုံး ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်တင်ဒါ တွင် ဧက ၁,ဝဝဝ မှ ၅,ဝဝဝ အထိ လုပ်ကွက်များ ပါဝင်သည်။

ပုဂ္ဂလိက သစ်တောစိုက်ခင်းများ တည် ထောင်ရာတွင် ကျွန်းစိုက်ခင်း၌ ကျွန်းမျော၊ ကျွန်းတိုင်၊ ကျွန်းသစ်များကို လုပ်ငန်းရှင်မှ ရယူခံစားခွင့်ရှိပြီး နောက်ဆုံး တောထွက်အဖြစ် ထုတ်လုပ်သည့် ကျွန်းသစ်များကို ပြည်တွင်း၊ ပြည်ပသို့ ရောင်းချရာတွင်လည်း စုစုပေါင်း ရရှိတန်ဖိုး၏ ၁ဝ ရာခိုင်နှုန်းကို သစ်တောဝန်ကြီးဌာနသို့ ပေးသွင်းရမည် ဖြစ်သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနမှ စီမံခန့်ခွဲခွင့်ရှိသော သစ်တောမြေများကို နှစ် ၃ဝ နှစ်ရှည် ငှားရမ်းစာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည် ဖြစ်သည်။

ပုဂ္ဂလိက သစ်တောစိုက်ခင်း ထူထောင်ရန်အတွက် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆိုပြုလွှာများ စတင် ခေါ်ယူခဲ့ပြီး ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် အများအပြား တင်ဒါတင်သွင်းခဲ့သည်။

No comments: