ထက်ထက်အောင်
ပီတီတီအီးပီ အင်တာနေရှင်နယ် လီမီတက်က မြန်မာလုပ်သားများအား လုပ်ခလစာအပါအဝင် ခွဲခြားဆက် ဆံနေသည်ဟုဆိုကာ ဇောတိက ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်သားများ အဖွဲ့အစည်းက ကြေညာချက်ထုတ်ထားသည့် ကိစ္စကို ဖေဖော်ဝါရီ ၄ ရက်က ငါးနာရီကြာ ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိသေးဟု ယင်းလုပ်သား အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
ယင်းနှင့်ပတ်သက်၍ ဇောတိက ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်သားများ အဖွဲ့အစည်းမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက''ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ကိစ္စနဲ့ လုပ်ခလစာကိစ္စနှစ်ခုကို ကုမ္ပဏီကို အရင်ကလည်း ကုမ္ပဏီအတွင်း အချင်းချင်းအကြိမ်ကြိမ် ညှိနှိုင်းခဲ့တယ်။ အခုလည်းဥပဒေပညာ ရှင်ပါခေါ်ပြီး သွားရောက်ညှိနှိုင်းခဲ့ပေမယ့် နှစ်ခုစလုံး ကျေနပ်စရာကောင်းအောင် အဖြေမရခဲ့ပါဘူး။ နိုင်ငံ ရဲ့ ဥပဒေပိုင်းဆိုင်ရာ အားနည်းနေတာကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ်နေတာလို့ ယူဆတယ်''ဟု ဆိုသည်။
ပီတီတီအီးပီ အင်တာနေရှင်နယ် လီမိတက်တွင် မြန်မာလုပ်သားပေါင်း ၃၈ ဦး လုပ်ကိုင်လျက်ရှိပြီး အဆိုပါ လုပ်သားများသည် ကုမ္ပဏီနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုထားပြီး စာချုပ်တွင် သင်တန်းကာလ၊ အလုပ် ခွင်-သင် တန်းကာလနှင့် အပြည့်အဝ လုပ်ငန်းခွင်ဝင် ကာလဟု သတ်မှတ်ထားပြီး ယင်းအဆင့်အလိုက် လစာတိုး ပေးမည်ဟု နှုတ်ကတိသာထားခဲ့ပြီး လစာမတိုးခဲ့ဟု ဆိုသည်။
ပီတီတီအီးပီ အင်တာနေရှင်နယ်လီမီတက်က လုပ်သားများကို မြန်မာနိုင်ငံတွင် သင်တန်းကာလခြောက် လ၊ မလေးရှားရှိရေနံလုပ်ငန်း သင်တန်းကျောင်းတွင် တစ်နှစ်ခြောက်လ၊ ထိုင်းနိုင်ငံတွင် အလုပ်ခွင်-သင် တန်းကာလ ခြောက်လ လေ့ကျင့်ပေးခဲ့ပြီး စာချုပ်သက်တမ်း ငါးနှစ်မပြည့်ခင်ထွက်ပါက လျော်ကြေးပေးရ မည်ဟု ပါရှိသည်။ သို့သော် လျော်ကြေးကိစ္စမှာ အတိအကျ သတ်မှတ်မထားဟုလည်း ၄င်းက ဆိုသည်။
ဇောတိက ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်သားများအဖွဲ့အစည်း၏ ဇန်နဝါရီ ၂ ရက်က ထုတ် ပြန်ထားသောကြေညာချက်တွင် ကုမ္ပဏီသည် မြန်မာလုပ်သားများကို လုပ်ခလစာ၊ အားလပ်ရက်၊ အချိန် ပိုကြေး ခံစားခွင့်များ အပါအဝင် ခွဲခြားဆက်ဆံမှုများပြုလုပ်ခဲ့သည်။ ထို့အပြင် မြန်မာလုပ်သားများကို ဘေး ကျပ်နံ ကျပ်ဖြစ်စေမည့် ဝန်ထမ်းစာချုပ်များကို ချုပ်ဆိုခဲ့ပြီး စတင်ခန့်အပ်ချိန်မှ ပေးအပ်ထားသည့်လစာ တိုးနှုန်း ကတိကဝတ်များ အကြိမ်ကြိမ်ချိုးဖောက်ခဲ့သည်။ မြန်မာလုပ်သားများအနေဖြင့် ကုမ္ပဏီဘက်မှ တာဝန်ရှိသူများကို အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့သော်လည်း ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်မှု မရခဲ့ဟု ဖော်ပြထားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ ရှစ်မိုင် ဆည်မြောင်းလမ်းရှိ ပီတီတီအီးပီ အင်တာနေရှင်နယ် လီမီတက်သို့ ဇန်နဝါရီ ၄ ရက်က သွာရောက်မေးမြန်းခဲ့သော်လည်း အဆိုပါကိစ္စကို သိရှိခြင်းမရှိပါဟုသာ ဖြေ ကြားခဲ့သည်။
ကုမ္ပဏီသည် ဝန်ထမ်းများအားလုံးကို ခွဲခြားဆက်ဆံမှု၊ ရိုင်းပြစွာ ဆက်ဆံမှု မရှိခဲ့ကြောင်း၊ နိုင်ငံအလိုက် အခြေခံလစာနှင့်ပတ်သက်၍ ထမ်းဆောင်ရသည့် တာဝန်၊ စွမ်းဆောင်ရည်၊ လုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်းကျွမ်းကျင်မှု၊ အထူးတာဝန်ပေးခြင်း စသည်တို့ အပေါ်တွင်အခြေခံ၍သတ်မှတ်ပေးပြီး ထိုင်းနှင့် မြန်မာနိုင်ငံတို့အတွက် သတ်မှတ်ချက်မှာ တန်းတူဖြစ်သည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ဖေဖော်ဝါရီ ၅ ရက်က သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment