ဇူးဇူး
တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများတွင် ပါဝင်နေရသည့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့သည် ၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျရောက်မည့် အကြိမ် ၇၀ မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှ စတင်၍ ပါဝင်တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း (MRCS)က ပြောသည်။
MRCS ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သာလှရွှေက“ဒီနှစ် လာမယ့် မတ်လ၂၇ ရက် တပ်မတော် နေ့မှာ ကြက်ခြေနီ လုံးဝ မချီတက် တော့ ပါဘူး။ ကြက်ခြေနီဟာ လူမှုကရုဏာလုပ်ငန်းမှာပဲ အရန်အင်အား ဖြစ်တဲ့အတွက် တပ်မတော်နေ့လို လက်နက်ကိုင် အဖွဲ့တွေရဲ့နေ့တွေမှာ မပါသင့်တော့ဘူး ဆိုပြီး ဒီနှစ်ကစလို့ မပါတော့ ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များသည် လူမှုကရုဏာ လုပ်ငန်း၏ အရံအင်အားသာ ဖြစ်သဖြင့် နိုင်ငံတော်၏ လုပ်ငန်းများတွင် လုံခြုံရေး အင်အားအဖြစ် တာဝန်ချထားခြင်းများ မပြုလုပ်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအသီးသီးထံသို့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ညှိနှိုင်း တောင်းဆိုထားကြောင်း၊ နိုင်ငံတော်၏ စီမံခန့်ခွဲရေးအပိုင်း၊ အုပ်ချုပ်ရေး အပိုင်းနှင့် လုံခြုံရေး အပိုင်းများတွင် ကြက်ခြေနီ မပါဝင်ကြောင်းလည်း ဒေါက်တာ သာလှရွှေက ရှင်းပြသည်။
ဒေါက်တာ သာလှရွှေက ဆက်လက်ပြီး“နောက်ဆိုရင် ကြက်ခြေနီ တပ်ဖွဲ့ဝင်လေးတွေကို ညဘက် အိမ်ထောင်စု စာရင်းစစ်တဲ့ အခါမျိုးမှာ တွေ့ရမှာ မဟုတ်တော့ပါဘူး။ ကျနော်တို့ ကြက်ခြေနီ တပ်ဖွဲ့ဝင်လေးတွေကို ယာဉ်စစ်တဲ့ဟာမျိုး၊ လုံခြုံရေး ကင်းချတဲ့ ဟာမျိုးတွေ မလုပ်ပါနဲ့ဆိုတာမျိုးတွေ ပြောတယ်။ အခုချိန်ကစပြီး ပြုပြင်ပြောင်းလဲနေပါပြီ”ဟုလည်း ပြောဆိုသည်။
ကြက်ခြေနီ အသင်းသည် ၁၉၉၆ ခုနှစ် မတိုင်မီက လွတ်လပ်စွာ ရပ်တည်နိုင်ခဲ့သော်လည်း စစ်အစိုးရ လက်ထက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများတွင် ပြည်သူ့စစ် မဟာဗျူဟာသည် အရေးကြီးသော အစိတ်အပိုင်းတရပ် အဖြစ် သတ်မှတ်ခံရပြီး တပ် မတော်၏ အရန်အင်အားအဖြစ် ပါဝင်ခဲ့ရသည်မှာ ၂၀၁၄ ခုနှစ်တွင် ကျရောက်ခဲ့သည့် ၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား အထိ ဖြစ်သည်။
ထို့ကြောင့် ပြည်သူ့စစ်မဟာဗျူဟာအရ တပ် အိမ်ထောင်သည်များ၊ ရဲ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်အဖွဲ့များကို သာမက ကြက်ခြေနီနှင့် မီးသတ်ကဲ့သို့သော လွတ်လပ်စွာ ရပ်တည်ရမည့် တတိယ အဖွဲ့အစည်းများကိုပါ တပ်မတော် အရန် အင်အား အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။
ကျောက်တံတားမြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့တပ်ခွဲမှူး ဒေါ်ဌေးဌေးရီကလည်း“ကြက်ခြေနီ စိတ်ဓာတ်ဆိုတာ အန္တရာယ် တွေ့နေတဲ့သူ၊ ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ လူတွေကို သူ့တို့ဆီက ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲနဲ့ စေတနာ သန့်သန့်နဲ့ ကူညီ ပံ့ပိုးခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အရန်အင်အား ဖြစ်တဲ့အတွက် တခါတလေမှာ အမြင် စောင်းခံရတာမျိုးတွေ ရှိပေမယ့်လည်း ဘာပဲလုပ်လုပ် ကြက်ခြေနီရဲ့ မူတွေအတိုင်းပဲ ဆောင်ရွက်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
MRCS ဥက္ကဋ္ဌ ရာထူးသည်လည်း တပ်မတော်ဘက်မှ အသွင်ပြောင်းများသာဖြစ်ခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ရာထူးကို ယခု ဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေက အရပ်သားပညာရှင် တဦးအဖြစ် ပထမဆုံး ခန့်အပ်ခံရခြင်း ဖြစ်ကြောင်း သိရ သည်။
လတ်တလော ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ တိုက်ပွဲများတွင် သွားရောက် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသည့် ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်။
အလားတူ မီးသတ် တပ်ဖွဲ့သည်လည်း ယခုနှစ် အကြိမ် ၇၀ မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်တော့ မည် မဟုတ်ကြောင်း သိရသည်။
No comments:
Post a Comment