Monday, February 2, 2015

ရန်ကုန်မြို့ အစိမ်းရောင်မြို့တော်ဖြစ်စေဖို့ ဘာတွေဆွေးနွေးခဲ့လဲ

နန်းမြင့်

သဘာဝပတ်ဝန်းကျင် စိမ်းလန်းဆိုပြေမှုနှင့် ပတ်သက်သော မြန်မာစကားဝိုင်းအခွင့်အလမ်း (Myanmar Platform for Dialogue on Green Growth ) ၏ စိမ်းလန်းသော ရန်ကုန်မြို့အား ပုံဖော်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရာသီဥတုပြောင်းလဲမှုကို ကြုံတွေ့နေရသော မြို့ကြီးများ၊ ပြောင်းလဲလာသောရာသီဥတုကို ခံနိုင်ရည်ရှိစေမည့် အဆောက်အဦးများ ကြိုတင်ပြင်ဆင်မှုများနှင့် အသေးစိတ်စီမံကိန်းများနှင့် ရန်ကုန်မြို့ အနာဂတ်တွင် စိမ်းလန်းသော မြို့အဖြစ်ပုံဖော်ရေးကို ဆွေးနွေးကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့၏ မြို့ပြစီမံကိန်းဌာနခွဲမှ ဒါရိုက်တာ ဒေါက်တာ တိုးအောင်က ''လစဉ်လုပ်တဲ့ဟာတွေက ထောက်ခံချက်တွေ ထွက်လာတယ်။ စွန့်ပစ်ပစ္စည်းနဲ့ ပတ်သက်လို့လုပ်တယ်။ ရေနဲ့ပတ်သက်လို့လုပ်တယ်။ အိမ်ယာနဲ့ပတ်သက်လို့ လုပ်တယ်။ ဒီကဏ္ဍတွေအားလုံးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ကဏ္ဍတွေဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်ကောင်မွန်းရေးအတွက် ဦးတည်သွားတာ ဖြစ်တယ်'' ဟု ပြောသည်။

အဆိုပါ စကားဝိုင်းတွင် မြို့ပြ၏ လျင်မြန်စွာတိုးတက်လာမှုနှင့် ကျေးလက်မှ မြို့ပြသို့ လူဦးရေများရွှေ့ပြောင်းလာခြင်းတို့ကြောင့် လေထုညစ်ညစ်မှု ပိုမိုဖြစ်ပေါ်လာပြီး လူ့အသုံးအေဆောင်ပစ္စည်းများ တိုးတက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ကို ထိပါးစေသော အမှိုက်များပိုမိုထွက်ရှိလာကာ မြို့ကြီးများတွင် နေစဉ်ကြုံတွေ့နေရသော ပြဿနာများပြားလှသဖြင့် အဆိုပါ ပြဿနာများဖြေရှင်းရန် သဘာဝပတ်ဝန်းကျင်စိမ်းလန်းဆိုပြေမှုနှင့် ပတ်သက်သော မြန်မာစကားဝိုင်းအခွင့်အလမ်း(Myanmar Platform for Dialogue on Green Growth)ကို ပြင်သစ်နိုင်ငံအခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Green Lotus အဖွဲ့မှ ဦးဆောင်သည့် ဆွေးနွေးပွဲတွင် ဖြစ်သည်။

Green Growth Project စီမံကိန်းအား ၂၀၁၄ခုနှစ် ဇူလိုင်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ကော်မတီ ၃ဖွဲ့ဖွဲ့စည်းခဲ့ကာ သဘာဝအရင်းအနှီးများတွင် ရင်းနှီးမြုပ်နှံခြင်းကော်မတီ၊ ပြန်လည်အသုံးချ၍ ရသော စွမ်းအင်များနှင့် ရာသီဥတုပြောင်းလဲရေးဆိုးရွားမှုကို လျော့ချရေးများတွင် ရင်းနှီးမြုပ်နှံခြင်းကော်မတီ၊ ပြန်လည်အသုံးချ၍ ရသော စွမ်းအင်များနှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော မြို့ပြများတွင် ရင်းနှီးမြုပ်နှံခြင်း ကော်မတီများတွင် ပညာရှင်များက လစဉ်ဆွေးနွေးကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့သည် မြန်မာပြည်အတွက် စီပွားရေးမြို့တော်ဖြစ်သဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမှ စိတ်ဝင်စားနေချိန်တွင် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုသည့် စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုများ လာရောက်ကြရမည်ဖြစ်ကာ ပြီးပြည့်စုံသည့်လူမှုဘ၀ရရှိနိုင်ရန်အတွက် ပေါ်လစီနှင့် စည်းမျဉ်းစည်းကမ်းများကို ရေရှည်ကောင်းမွန်စိမ်းလန်းသော မြိ့အဖြစ်တည်ဆောက်ရန် ပြင်ဆင်သွားမည် ဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

No comments: