စည်သူမောင်မောင်
ဧရာဝတီစစ်ကြောင်းမှ ကျောင်းသားအင်အား ၄၀ခန့်သည် ပုသိမ်မြို့မှ ဖေဖော်ဝါရီ ၃ရက် နံနက် ၁၀နာရီတွင် စတင်ထွက်ခွာပြီး ယနေ့ညတွင် ကန်ကြီးထောင့်တွင် ညအိပ်နားကာ ဖေဖော်ဝါရီ ၄ရက်တွင် ကျောင်းကုန်းမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
သပိတ်စစ်ကြောင်းတွင် ပုသိမ်မြို့အတွင်း ဦးစွာလှည့်လည်၍ ပုသိမ်မြို့မှ ထွက်ခွာကာ ပုသိမ်တက္ကသိုလ်၊ ပညာရေး ကောလိပ်များသို့ ဝင်ရောက်ကာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဟောပြောခဲ့သည်။ ပုသိမ်တက္ကသိုလ်တွင် တက္ကသိုလ်ဆရာတစ်ဦးက ပါဝင် ကြွေးကြော်ခဲ့ပြီး ပုသိမ်နည်းပညာတက္ကသိုလ်မှ ဆရာ ဝေယံအောင်က သပိတ်စစ်ကြောင်းတွင် လိုက်ပါခဲ့သည်။
"ကျွန်တော်တို့ တိုက်ပွဲဝင်နေတာ တစ်မျိုးသားလုံးအတွက်ပါ။ ကျွန်တော် တိုက်ပွဲကို နိုင်အောင်တိုက်မှာမို့ သေရင် အမျှမဝေပါနဲ့ဦး၊ အမိန့်မပြန်ပါနဲ့ဦး။ ဘာလို့လဲဆိုတော့ အနာဂတ်က ကလေးတွေ ဒီမိုကရေစီ ပညာရေး မချပေးနိုင်သေးလို့ပါ" ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကိုအာဏာအောင်က ပုသိမ် တက္ကသိုလ်တွင် ဟောပြောခဲ့သည်။
သပိတ်စစ်ကြောင်းသည် ကန်ကြီးထောင့်မြို့နယ် မြို့ဦးတိုက် ပုဗ္ဗာရုံးဘုရားကလေးကျောင်းတိုက်တွင် ညအိပ် ရပ်နားမည်ဖြစ်သည်။
No comments:
Post a Comment