Saturday, February 7, 2015

ဗိုလ်ချုပ် အောင်ဆန်း ရာပြည့်ပွဲတော်အပြီး နတ်မောက်မြို့ အမှိုက်ပုံ မဖြစ်စေရေး ကိုးရက်တိုင် အမှိုက်ကောက်မည်

ခင်မြတ်မြတ်ဝေ

ဗိုလ်ချုပ် အောင်ဆန်းဇာတိ နတ်မောက်မြို့တွင် ဗိုလ်ချုပ် ရာပြည့်ပွဲတော်အပြီး အမှိုက်ကြီးပုံ ဖြစ်မသွားစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၆ ရက်မှ ၁၄ ရက်အထိ နတ် မောက်မြို့တွင် အမှိုက်ကောက်လှုပ်ရှားမှု လုပ်ဆောင်သွားမည်ဟု နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

''ကျွန်တော်တို့ မြန်မာပြည်က ဘယ်အဖွဲ့အစည်းပဲလုပ်လုပ် ပွဲတိုင်းမှာ ပွဲပြီးတာနဲ့ အမှိုက်တွေ ပွစိတက် နေတာ။ ဗိုလ်ချုပ်ပြောသလို ဒီမိုကရေစီရတယ်ဆိုတာနဲ့ စည်းမဲ့ကမ်းမဲ့ မဖြစ်စေလိုဘူး။ ဗိုလ်ချုပ်စကားကို စံပြလုပ်တဲ့အနေနဲ့ ဗိုလ်ချုပ်ရာပြည့်ပွဲပြီးတဲ့အထိ အမှိုက်ကောက်သွားမယ် စည်းရုံးလှုံဆော်မှုတွေ လုပ်သွားမယ်'' ဟု ၎င်းက ပြောသည်။

စည်းရုံးလှုံ့ဆော်မှုဖြင့် နတ်မောက်မြို့အဝင် အဓိကလမ်းမကြီး သုံးခုမှစ၍ 'နတ်မောက်မြို့ကြီး အမှိုက်ပုံ ဖြစ်မသွားရန်' ဆိုသည့် စာတမ်းများကို အမှိုက်ပုံများ၊ အမှိုက်တောင်းများတွင် ကပ်၍ လူအင်အား ၆ဝ ဖြင့် အမှိုက်ကောက်သွားမည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲတော် ကျင်းပပြီးသွားချိန်မှာ နတ်မောက်မြို့ကြီး အမှိုက်ပုံဖြစ်မသွား စေရေးအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် အခြားလူမှုရေးအဖွဲ့များ၊ မန္တလေးမှ လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းပါဝင်၍ အမှိုက်ကောက်ခြင်းကို လုပ်ဆောင်သွားမည်ဖြစ်သည်။

၂ဝ၁၄ခု၊ ဒီဇင်ဘာလ ၇ ရက်ကလည်း စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခကွယ်လွန်ခြင်း ကိုးနှစ်ပြည့် အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသူ၊ အသင်းသားများဖြင့် ရန်ကုန်မြို့၊ ပြည်လမ်းရှိ အင်း လျားကန်ဘောင်တွင် အမှိုက်ကောက်လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။

No comments: