Sunday, February 1, 2015

၄၃၆ ပြင်ဆင်ရေး ပွဲစီစဉ်သူ ၁၁ ဦးကို တရားသေလွှတ်

ဝိုင်းအောင်

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ဟောပြောပွဲ ဦးဆောင်ကော်မတီဝင် ၁၁ ဦးကို ဇန်နဝါရီ ၂၉ ရက် လေးကြိမ်မြောက်ရုံးချိန်းတွင် မကွေးမြို့နယ် တရားရုံးက တရားသေ လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း ဦးဆောင်သူ ဦးနေမျိုးကျော်ကိုမူငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ အရဇန်နဝါရီ ၂၉ ရက်တွင် ထပ်မံတရားစွဲ ဆိုလိုက်သည်။

'ဒါပေမဲ့ ဒီနေ့မှာပဲ ၄၃၆ ပြုလုပ်ခဲ့တာ ကို ငြိမ်းချမ်းစွာစုရုံး စီတန်းလှည့်လည် ဟောပြောခွင့် ခွင့်မပြုဘဲ လုပ်ခဲ့တယ်ဆိုပြီး ပုဒ်မ (၁၈) နဲ့ မကွေးမြို့မရဲစခန်းက အမှုကို မြို့နယ်တရားရုံးကို ထပ်မံအတင်ခံရပါတယ်။လူတစ်ဦး တစ်ယောက်တည်းကို ဒီလိုပုဒ်မ (၃) ခုနဲ့ လှည့်ပြီး တရားစွဲနေတာဟာ တရားစီရင်ရေးအဖွဲ့ကို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်လွှမ်းမိုးပြီး တမင်သက်သက်အကွက်တကျ စီစဉ်နေတယ်လို့ထင်ပါ တယ်'' ဟု ဦးနေမျိုးကျော်က ပြောသည်။

သက်ဆိုင်ရာက ခွင့်ပြုချက် မပေးသော်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ၂ဝ၁၄ ခုနှစ် ဇွန်လ ၉ ရက် တွင် မကွေးမြို့ ကန်သာရပ်ကွက်၊ အေးစေတီ ဘုရားကွင်း၌ လူထုဟောပြောပွဲပြုလုပ်ခဲ့၍ ၁၁ ဦးအား အရေးယူခဲ့ခြင်းဖြစ်သည်။

လူထုတစ်သောင်းခန့် တက်ရောက်သည့် ယင်းဟောပြောပွဲ ဦးဆောင်စီစဉ်သူ မကွေးတိုင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်ကို ကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက ခွင့်ပြုမိန့် မယူဘဲ အသံချဲ့စက် အသုံးပြု၍ ရပ်ကျေးဥပဒေ ပုဒ်မ ၂၇ ဖြင့် တရားစွဲဆိုခဲ့သည်။

ဦးနေမျိုးကျော် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ငါးဦး၊ ၈၈မျိုးဆက် ငြိမ်းချမ်းပွင့်လင်း လူ့အဖွဲ့အစည်းမှ ခြောက်ဦး၊ စုစုပေါင်း ၁၁ ဦး ဖြစ်ပြီး တိုင်းသာသနာရေး ဦးစီးမှူးက ပုဒ်မ ၄၄၇ ဖြင့် စက်တင်ဘာ ၂၉ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

No comments: