နိရဉ္စရာ
ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)မှ ကြီးမှူးပြီး ရွှေရတု အကြိမ်မြှောက် မောင်မယ်သစ်လွှင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်မောင်မယ်များအားဂုဏ်ပြုနုတ်ဆက်ပွဲ အခမ်းအနား အား ရန်ကုန် တက္ကသိုလ် အာရ်စီခန်းမတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန် ကွန်ပျူတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာ ကျော်သိန်း၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)၏ နာယက ဒေါက်တာ စောထွန်းအောင်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)၏ ဥက္ကဌ ဒေါက်တာမြနှင်းအေး အပါအ၀င် ဆရာ၊ ဆရာများ၊ ကျောင်းသား ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာကြသော ရန်ကုန် တက္ကသိုလ် ကျောင်းသူ ကျောင်းသားများအား ရွှေရတု အကြိမ်မြှောက် မောင်မယ် သစ်လွှင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်မောင်မယ်များအားဂုဏ်ပြုနုတ်ဆက်ပွဲနှင့် ပတ်သက်ပြီး နိရဉ္စရာမှ မေးမြန်းရာ ၂၀၁၄-၂၀၁၅ ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သူ ကိုမောင်စုလိုင်က ယခုလို ပြောသည်။
“ အခုလို ရခိုင်ကျောင်းသား မောင်မယ်သစ်လွှင်ကြိုဆိုပွဲနဲ့ နောက်ဆုံးနှစ်မောင်မယ်တွေကို ဂုဏ်ပြုနုတ်ဆက်ပွဲ အခမ်းအနားတွေကို ပြုလုပ်တဲ့ အတွက် ရခိုင်ကျောင်းသား ကျောင်းသူတွေ အတွက် အများကြီး အကျိုးကျေးဇူး ဖြစ်ထွန်းစေပါတယ်။ ကျွန်တော်တို့ရဲ့ အဖိုး အဖီး ဆရာကြီး ဦးစံသာအောင်တို့ လက်ထက်ကတည်းက တကွဲတပြား ဖြစ်နေကြတဲ့ ရခိုင်သား၊ ရခိုင်သူတွေကို စုစည်းနိုင်ရေးအတွက် မောင်မယ်သစ်လွှင်ကြိုဆိုပွဲနဲ့ နောက်ဆုံးနှစ်မောင်မယ်တွေကို ဂုဏ်ပြုနုတ်ဆက်ပွဲကို ပြုလုပ်ခဲ့တာပါ။ ခုလို ပွဲတွေ ပြုလုပ်တဲ့ အတွက် မိမိဒေသကို ခွဲခွာပြီး ရေမြေခြားကို ရောက်နေတဲ့ ရခိုင်ကျောင်းသား ကျောင်းသူတွေ အနေနဲ့ တစ်ဦးနဲ့ တစ်ဦး သိကျွမ်းခင်မင်ရင်းနှီးပြီး အပြန်အလှန် ဖေးမကူညီနိုင်ကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)၏ အတွင်းရေးမှူး အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဒဂုံတက္ကသိုလ် ဓါတုဗေဒ အထူးပြု ဘာသာရပ် တတိယနှစ် ကျောင်းသူ မစုမြတ်သွယ်ကလည်း နိရဉ္စရာသို့ ယခုလို ပြောဆိုသည်။
“ သမီးကတော့ အခု ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)ရဲ့ အတွင်းရေးမှူး ရွေးချယ်တက်မြှောက်ခံရတဲ့သူ ဖြစ်ပါတယ်။ ဒီလို အခမ်းအနားတွေဟာ ရခိုင်ကျောင်းသား ကျောင်းသူတွေ ဆုံတွေ့ခွင့်ရတဲ့ အတွက် အလွန် အကျိုးရှိပါတယ်။ ဒီအခမ်းအနားမှာ ရိုးရာယဉ်ကျေးမှု အကတွေကိုလည်း ဖေါ်ထုတ် တင်ပြခွင့်ရတဲ့အတွက် မိမိတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဆက်နွယ်ပြီး သိသင့် သိထိုက်တာတွေကိုလည်း သိရှိခွင့်ရကြပါတယ်။ နှောင်နှစ်မှာလည်း ခုထက်မက စည်ကားအောင် ဆောင်ရွက်သွားဖို့ သမီးအနေနဲ့ စိတ်ပိုင်းဖြတ်ထားပါတယ်” ဟု ဆိုသည်။
သံတွဲဇာတိ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသူ တစ်ဦးဖြစ်သူ မမျိုးသီရိကျော်က“ ကျွန်မအနေနဲ့ ခုလို ရခိုင်ကျောင်းသား ကျောင်းသူ မောင်မယ်သစ်လွှင်ကြိုဆိုပွဲနဲ့ နောက်ဆုံးနှစ်မောင်မယ်တွေကို နုတ်ဆက်ပွဲကို ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရတာဖြစ်ပါတယ်။ ခုလို ရခိုင် ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံပွဲမှာ ခုလို ကိုယ့်ရိုးရာဝတ်စုံကို ၀တ်ဆင်ပြီး တက်ရောက်ခွင့်ရတဲ့ အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်” ဟု ဆိုသည်။
ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် (လိုင်သာယာ) မှ ကျောင်းသား တစ်ဦးဖြစ်သူ ရမ်းဗြဲဇာတိ ကိုမင်းရဲကျော်က “ ရင်ထဲမှာ ကိုယ်မြေကိုယ်ဒေသကို ပြန်ရောက်သလို ခံစားရပါတယ်။ နွေးနွေးထွေးထွေး ဖြစ်သွားပါတယ်။ ရခိုင်တွေရဲ့ စည်းလုံးမှုကို မြင်ရတဲ့ အတွက်လည်း အားတက်မိပါတယ်။ ခုလို မောင်မယ်သစ်လွှင်ပွဲတွေသာမက တခြားပွဲတွေကိုလည်း ရခိုင်အမျိုးသားတွေ တက်ရောက်အားပေးကြဖို့လိုပါတယ်။ အဓိက အားဖြင့် ဆရာ ဆရာမကြီးတွေနဲ့ ကိုယ့်အထက်က လူကြီးတွေရဲ့ ပြောစကားတွေကို လူငယ်တွေ အနေနဲ့ တလေးတစား နားထောင်ဖို့လိုပါတယ်။ ဒါမှ အမျိုးသားရေး အခန်းကဏ္ဍက ဒီထက်မက တိုးတက်လာမယ်လို့ မြင်မိပါတယ်” ဟု ဆိုသည်။
ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)၏ ဒုဥက္ကဌ ဖြစ် ရခိုင်တန်ဆောင် မဂ္ဂဇင်း ကော်မတီ ဒုဥက္ကဋ္ဌ ဆရာ ဦးစံထွန်းက “ ရခိုင်ပြည်နယ် အသီးသီးက ရန်ကုန်စည်ပင်သာယာနယ်နမိတ် အတွင်း တက္ကသိုလ်တွေမှာ ကျောင်းလာတက်ကြတဲ့ ကျောင်းသား ကျောင်းသူတွေ ကြိုဆိုပွဲနဲ့ နောက်ဆုံးနှစ် ကျောင်းသားတွေကို နုတ်ဆက်ပွဲ ဖြစ်ပါတယ်။ အခုအချိန်အခါမှာပေါ့လေ ကျွန်တော်တို့ မှာ Generation Gag ဖြစ်နေပါတယ်။ လူမျိုးတစ်မျိုးမှာ ယဉ်ကျေးမှုက အလွန် အရေးကြီးပါတယ်။ ဒီ မျိုးဆက်သစ်တွေကို ရခိုင် ယဉ်ကျေးမှုကို ဆထက်တပိုး တည်တံ့အောင် လက်ဆင့်ကမ်းလိုတဲ့ အတွက်လည်း ဒီလို တွေ့ဆုံပွဲ၊ နုတ်ဆက်ပွဲတွေကို ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ရှင်းပြပြောဆိုသည်။
အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာ ကျော်သိန်းမှ အဖွင့်အမှာစကား ပြေကြားခဲ့ပြီး နောက်ပိုင်းတွင် ရခိုင်ရိုးရာ ယဉ်ကျေးမှု အကများဖြင့် ရခိုင် တက္ကသိုလ် ကျောင်းသား ကျောင်းသူများက ဖြေဖျော်ခဲ့ကြသည်။ ယင်းပြင် တစ်ခြား တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)၏ ကျောင်းသား ကျောင်းသူများကလည်း သက်ဆိုင်ရာ ရိုးရာ ယဉ်ကျေးမှု အကများဖြင့် ဖြေဖျော်ခဲ့ကြသည်။

No comments:
Post a Comment