ကျော်စိုးမိုး
ခရီးသည် တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ပလက်ဖောင်းပေါ်မှ သစ်ပင်ကို ဝင်တိုက်မိသဖြင့် လူခြောက်ဦးဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဇန်နဝါရီ ၃၁ ရက်၊ နံနက် ၆ နာရီခွဲခန့်က ဒဂုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဒဂုံမြို့နယ်၊ ပြည်လမ်းအတိုင်း အလုံလမ်းမီးပွိုင့်ဘက်မှ မြေနီကုန်းဘက်သို့ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ဦးသက်ဇော်မြင့် မောင်းနှင်လာသည့် (၅၁) ယာဉ်လိုင်းမှ ဖူဆိုဘတ်စ်သည် မြေနီကုန်းမှတ်တိုင် အလွန်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ပလက်ဖောင်းမှ သစ်ပင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယင်းသို့တိုက်မိခဲ့သဖြင့် ယာဉ်မှာ ၁၀ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည် အမျိုးသား ခြောက်ဦးမှာ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူနေရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်း ဦးသက်ဇော်မြင့်ကို ဒဂုံမြို့မရဲစခန်းက ယာဉ်(ပ) ၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့်အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment