ဝေေ၀အောင်
ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် အကြားရှိ လယ်ယာမြေများ ကို ရေပေးဝေနိုင်ရေးအတွက် ပြည်နယ်ဘတ်ဂျက် သိန်း ၁၂၀၀ ဖြင့် တည်ဆောက်နေသော ရေလွဲဆည် ကို လာမည် ဖေဖော်ဝါရီလအတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဒီးမောဆိုမြို့နယ် ဆည်မြောင်းဦးစီးဌာန မှ ဒုဦးစီးမှူး ဦးဇော်လင်းထွန်းက ကန္တာရ၀တီတိုင်း(မ်) သို့ပြောသည်။
“ဆည်မြောင်းဦးစီးဌာနကပဲ တာဝန်ယူဆောက်လုပ်ပေးနေတာပါ။ ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ ဆောက်လုပ်ထားတာပါ။ ၂လပိုင်း ၂၀ရက်ဝန်းကျင်လောက်ပြီးမယ်လို့ မှန်းထားပါတယ်။ ” ဟု ဦးဇော်လင်းထွန်းကပြောသည်။
အဆိုပါ ရေလွဲဆည် မှာ ဆိုလျားကူးကျေးရွာနှင့် ကွိုင်ငံကျေးရွာအကြားတွင်တည်ရှိပြီး ၂၀၁၄ နိုဝင်ဘာ ၂၀ ရက်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
ပင်မ ရေထွက်ပေါက်မြောင်းမှ တဆင့် ဒီးမောဆိုဖက်ခြမ်းနှင့် ဖရူဆိုဖက်ခြမ်းကို ရေလွဲဆည် နှစ်ခုခွဲကာ တည်ဆောက်ထားပြီး အရှည် ၁၄၅ ပေရှိကြောင်းသိရသည်။
၎င်း ရေလွဲဆည်များမှာ ဒီမောဆိုဖက်ခြမ်းရှိ ၈၀၀ ဧက နှင့် ဖရူဆိုဖက်တွင် ၈၄၅ ဧကကို ရေပေးဝေနိုင်မည်ဖြစ်ကြောင်း ဦးဇော်လင်းထွန်းက ဆက်ပြောသည်။
ယခင်က တောင်သူများ မှာ မိမိတို့လယ်မြေများအတွက် ရေကိုလုယက်ယူနေကြရပြီး ယခုလိုရေလွဲဆည်တည်ဆောက်ပေးခြင်းဖြင့် မျှတစွာ ရေရရှိကြတော့မည်ဟု ဆိုလျားကူးရွာမှ ဦးစေးရယ်ကပြောသည်။
“ အခုလိုရေကာတာတွေ လာဆောက်ပေးပြီဆိုတော့ ရေနည်းရင်လည်း တယောက်တဝက်၊ များရင်လည်း တယောက်တဝက်ပဲ အဲ့လိုပေါ့နော။ တရားမျှတသွားတာပေါ့နော” ဟု ဦးစေးရယ်ကပြောသည်။
၎င်း ရေလွဲဆည်မှာ အကျယ်၂၀ ပေနှင့် ၆ လက်မ၊ အမြင့် ၉ ပေခွဲ၊ အရှည် ၁၄၅ ပေ ရှိပြီး လက်ရှိတွင် ၆၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ဦးဇော်လင်းထွန်းကဆိုသည်။

No comments:
Post a Comment