Mizzima
ပြည်တွင်း ဂိမ်းပညာရှင်များ ရေးဆွဲထားသည့် သမိန်ပေါသွပ် မြန်မာဂိမ်းကို စတင်ကစားနိုင်ပြီဖြစ်ပြီး လက်ရှိအချိန်တွင် ကစားသူ ၁၆,ဝဝဝ ခန့်အထိ ရှိနေပြီဖြစ်သည်ဟု သမိန်ပေါသွပ်ဂိမ်းရေးဆွဲသည့် Total Game Play စတူဒီယိုမှ နည်းပညာ အရာရှိချုပ် ကိုမြင့်ကျော်သူက ပြောသည်။
၎င်းက ''လက်ရှိအချိန်အထိ ကစားတဲ့သူအရေအတွက် ၁၆,ဝဝဝ လောက်ရှိနေပါပြီ။ Active User ၂,၅ဝဝ လောက် ရှိပါတယ်'' ဟု ဆိုသည်။
သမိန်ပေါသွပ်ဂိမ်းကို ဖေဖော်ဝါရီလဆန်းပိုင်း၌ စတင်ထုတ်ဝေခဲ့ပြီး မတ်လအစောပိုင်းတွင် အခန်းအသစ် များနှင့် ဂိမ်းကစားမှုအသစ်များ ထပ်မံဖြည့်ပေးသွားမည်ဟုလည်း ကိုမြင့်ကျော်သူက ပြောသည်။
၎င်းက ''ဇာတ်ကောင်အသစ်တွေလည်း ထပ်တိုးနိုင်အောင် လုပ်နေပါတယ်'' ဟု ပြောသည်။
သမိန်ပေါသွပ်ဂိမ်းသည် 3D ဂိမ်းအဖြစ် ရေးဆွဲဖန်တီးထားပြီး ရုပ်ပုံထွက်ပိုင်းကို ကောင်းမွန်စေရန် ဆောင်ရွက်ထားသဖြင့် အချို့ဖုန်းများ၌ ကစားရာတွင် အခက်အခဲအနည်းငယ် ဖြစ်နိုင်သော်လည်း ပိုမိုကောင်းမွန်စေရန် ပြန်လည်ပြင်ဆင်နေသည်ဟု ၎င်းက ပြောသည်။
ကိုမြင့်ကျော်သူက ''ရုပ်ပုံထွက်ပိုင်း ကောင်းအောင်လုပ်ထားတဲ့အတွက် တချို့ဖုန်းတွေမှာတော့ လေးသွား တာရှိနိုင်ပါတယ်။ ဒါကိုလည်း အကောင်းဆုံးဖြစ်အောင် ပြန်လုပ်နေပါတယ်'' ဟု ဆိုသည်။
ပြည်တွင်း မြန်မာမိုဘိုင်းဂိမ်းများကို ကစားသူများက စောင့်မျှော်နေပြီး Total Game Play စတူဒီယိုမှပင် Age Of Bayint-naung အမည်ရှိဂိမ်းကို ဇူလိုင်လအတွင်း ထုတ်ဝေနိုင်ရန် ရေးဆွဲလျက်ရှိသည်။
မြန်မာပြည်တွင်း ထုတ်ဂိမ်းများ၏ ရုပ်ပုံထွက်နည်းပညာပိုင်းကို ပြည်တွင်း ဂိမ်းကစားသူများက အားနည်းနေသည်ဟု ဝေဖန်မှုများရှိနေပြီး ပြည်တွင်း ဂိမ်းရေးဆွဲသည့် ကုမ္ပဏီများသည် အချိန်ကာလ တစ်ခုအထိ ကြိုးစားရဦးမည်ဟု ဂိမ်းပညာရှင် တစ်ဦးဖြစ်သူ ကိုနေအောင်လတ်က ပြောသည်။
၎င်းက ''ပုံထွက်ပိုင်းကို ပိုကောင်းအောင် လုပ်ဖို့ဆိုတာ အရင်းအနှီးတွေ အများကြီးလိုမယ်။ ရေးတဲ့သူတွေက ရေးကြမယ်ဆိုရင်တောင် အကျိုးအမြတ်ပြန်ရဖို့က ခက်တယ်'' ဟု သုံးသပ်ပြောဆိုထားသည်။
No comments:
Post a Comment