စည်သူမောင်မောင်
ဧရာဝတီသပိတ်စစ်ကြောင်းတွင်ပါသည့် ပုသိမ်တက္ကသိုလ်မှ ကျောင်းသားနှစ်ဦး၏ မိဘများကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၅ရက် နံနက် ၇နာရီခွဲတွင် တွေ့ဆုံရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ခေါ်ယူထားသည်ဟု ကာယံကာရှင်များက မဇ္ဈိမကို ပြောသည်။
"မနက်ကျရင် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးဖို့ ပုသိမ်ကို သွားဖို့ရှိတယ်။ ကွန်မအစီအစဉ်နဲ့ ကျွန်မ သွးမယ်ဆိုတာကိုလည်း သူတို့ စီစဉ်ပေးမယ်။ ကျွန်မမှာ ကျောင်းပို့ဖို့ ကလေးရှိတာကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက သူကိုယ်တိုင် ပို့ပေးမယ်ပြောတယ်။ ဘာကြောင့် ခေါ်ယူဆွေးနွေးတယ် ဆိုတာတော့ မသိရသေးဘူး"ဟု ပုသိမ်တက္ကသိုလ်တွင် တက်ပြီး မြောင်းမြမြို့တွင် နေထိုင်သည့် သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသားတစ်ဦး၏ မိခင် ဒေါ်စန်းစန်းဌေးက ပြောသည်။
မိဘခေါ်တွေ့သည့် ကျောင်းသားနှစ်ဦးလုံးသည် ပုသိမ်တက္ကသိုလ်တွင် ကျောင်းတက်နေပြီး ကျောင်းသားသပိတ်တွင် ပါဝင်လှုပ်ရှားသူများဖြစ်ပြီး ၎င်းတို့ နှစ်ဦးလုံး၏ မိဘများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ ဖြစ်သည်ဟု သိရသည်။
"ကျောင်းသားတွေက ကျောင်းသားအခွင့်အရေးကို တောင်းဆိုတာ ဖြစ်တဲ့အတွက် ကျွန်တော် မိဘတစ်ယောက်အနေနဲ့ မကန့်ကွက်ဘူး။ မတားမြစ်ဘူး။ သူတို့က ပညာတတ်တွေဖြစ်ချင်လို့ ပညာရေးစနစ်ကောင်းမွန်အောင်လို့ သူတို့ တောင်ုးဆိုတာ။ ဒီအပေါ်မှာ အစိုးရက ဖိအားပေးမှုအပေါ်မှာလည်း မိဘတစ်ယောက်အနေနဲ့ သားသမီးကို တားမြစ်တာတွေ၊ ထိန်းချုပ်တာတွေ မလုပ်ဆောင်ပါဘူး။" ဟု တွေ့ဆုံရန် ခေါ်ယူခံရသည့် ပုသိမ်မြို့နေ ကျောင်းသားတစ်ဦး၏ ဖခင် ဦးညီညီအောင်က မဇ္ဈိမကို ပြောသည်။
တိုင်းအတွင်းရေးမှူး ဦးအေးကျော်က "ဆန္ဒထုတ်ဖော်တဲ့ကျောင်းသားတွေကို တိုင်းဒေသကြီးအစိုးရက အကြမ်းဖက် ဖြိုခွင်းတာတွေ မလုပ်ဆောင်ပါဘူး"ဟု ကျောင်းသားများ သပိတ်စစ်ကြောင်း မစတင်မီက ပြောထားဖူးသည်။
သပိတ်စစ်ကြောင်းတွင် ပါသည့် ပုသိမ်မြို့မှ ဆယ်တန်းကျောင်းသူ မချောစုစံကို၏ မိဘများကိုလည်း စစ်ကြောင်းမထွက်မီက ကျောင်းအုပ်က ခေါ်ယူတွေ့ဆုံခဲ့သေးသည်။
No comments:
Post a Comment