Wednesday, February 4, 2015

နည်းပညာစွန့်ဦး လုပ်ကိုင်သူများကို အစိုးရကိုယ်တိုင် အရင်းအနှီးပေးရန်လို

မောင်မန်း

နည်းပညာစွန့်ဦး လုပ်ကိုင်လိုသူ လူငယ်များအတွက် အစိုးရက မူဝါဒများချမှတ်ပြီး ကိုယ်တိုင်ဝင်ရောက် ရင်းနှီးပေးရန် လိုအပ်သည်ဟု ပညာရှင်များက တိုက်တွန်းပြော ကြားကြသည်။

နိုင်ငံတကာတွင် နည်းပညာစွန့်ဦး လုပ်ကိုင်သူများကို အစိုးရက မူဝါဒများချမှတ်ပြီး ထောက်ပံ့ပေးမှုများရှိနေကာ ယင်းသို့ ထောက်ပံ့ပေးမှုကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူဖြစ်စေနိုင်သည်ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ နည်းပညာ အရာရှိချုပ် ကိုစိုးသီဟနောင်က မဇ္ဈိမကို ပြောသည်။

၎င်းက ''နိုင်ငံတကာမှာဆိုရင် အစိုးရက မူဝါဒချမှတ်ပြီး နည်းပညာစွန့်ဦးလုပ်ကိုင်သူတွေကို ထောက်ပံ့ပေး ကြတယ်။ ဒီလိုထောက်ပံ့တာအတွက် ဒီလုပ်ငန်းမှာ ရှယ်ယာတစ်စု ဝင်ယူလိုက်တဲ့သဘောပဲ။ ဒီလုပ်ငန်း တွေ အောင်မြင်လာရင် တိုင်းပြည်ရဲ့ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ အများကြီး အထောက်အကူပြု ပါတယ်'' ဟု ဆိုသည်။

ပြည်တွင်းတွင် နည်းပညာစွန့်ဦး လုပ်ငန်းများအတွက် အဆုံးရှုံးခံပြီး ရင်းနှီးမြှုပ်နှံပေးမည့် စီးပွားရေးလုပ်ငန်း ရှင်များလိုအပ်ကာ အစိုးရကိုယ်တိုင်က နည်းပညာစွန့်ဦး လုပ်ကိုင်သူများအတွက် ဝင်ရောက်ရင်းနှီး မြှုပ်နှံ ပေးသင့်သည်ဟု ကိုစိုးသီဟနောင်က တိုက်တွန်းပြောကြားသည်။

၎င်းက ''နည်းပညာ ကဏ္ဍကို တကယ်ဖွံ့ဖြိုးစေချင်ရင် စွန့်ဦးလုပ်ကိုင်သူတွေကို အစိုးရကိုယ်တိုင်က ရင်းနှီးပေးသင့်တယ်။ မူဝါဒတွေ ချမှတ်ပေးသင့်တယ်။ ဒီလိုဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ဝင်ပြီး ရင်း နှီးပေးကြလိမ့်မယ်'' ဟု ဆိုသည်။

စီးပွားရေး သမားများက ဝင်ရောက်ရင်းနှီး မြှုပ်နှံရာတွင် အကျိုးအမြတ်ကို မကြည့်ဘဲ နည်းပညာကဏ္ဍ ဖွံ့ဖြိုးစေရန် အဓိကထား ရင်းနှီးသင့်ပြီး ယင်းသို့မဟုတ်ပါက စွန့်ဦးလုပ်ကိုင်သူများသည်။

စီးပွားရေး လုပ်ငန်းများ၏ အလုပ်သမားကဲ့သို့ ဖြစ်သွားနိုင်သည်ဟု ၎င်းက ဆိုသည်။ စွန့်ဦးလုပ်ကိုင်လိုသူများအတွက် အရင်းအနှီးရရှိနိုင်ရန် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က ချေးငွေ ထုတ်ပေးလျက်ရှိပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ကလည်း လျာထားချက်များ ရှိနေသည်ဟု Vision to Motion Myanmar ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးအေးကျော်လှိုင် က ပြောသည်။

နည်းပညာ ပညာရှင်များသည် စီးပွားရေးအစီအမံများတွင် အားနည်းချက်ရှိပြီး ယင်းအခက်အခဲများအတွက် နည်းပညာရှင်များကို အခမဲ့အကြံပြုပေးသွားမည်ဟု ဦးအေးကျော်လှိုင်က ဆိုသည်။

၎င်းက ''နည်းပညာသမားတွေက Business Plan ပိုင်းမှာ အားနည်းကြတယ်။ စီမံခန့်ခွဲမှုအပိုင်းလည်း အားနည်းကြတယ်။ ဒီအပိုင်းမှာ အကူအညီလိုတယ်ဆိုရင် သူတို့ ထုတ်ကုန်ကလည်း ကောင်းနေတယ်ဆိုရင် ကျွန်တော့်အနေနဲ့ အကူအညီပေးနိုင်ပါတယ်'' ဟု ဆိုသည်။

ပြည်တွင်းတွင် နည်းပညာစွန့်ဦး လုပ်ငန်းများအတွက် အစိုးရက ငွေကြေးထောက်ပံ့ပေးမှုအပြင် ဥပဒေအရ မူပိုင်ခွင့်များကို အကာအကွယ်ပေးရန် လိုအပ်သည်ဟု ကိုစိုးသီဟနောင်က ဆိုသည်။

၎င်းက ''အစိုးရက နည်းပညာတွေရဲ့ မူပိုင်ခွင့်ကို ကာကွယ်ပေးဖို့လိုတယ်။ ဒီလို အားလုံးလုပ်ပေးတယ်ဆိုရင် စွန့်ဦးလုပ်ငန်း လုပ်မယ့်သူတွေက အစိုးရဆီက ငွေကြေးထောက်ပံ့မှုကို ခြူစားတာမျိုးမဖြစ်ဖို့ လိုတယ်'' ဟု ဆိုသည်။

No comments: