ဇူးဇူး
အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်း ရေးဆွဲမှုသည် ၂ နှစ် ကြာလာသည် အထိ မပြီးသေး ဘဲ ကြန့်ကြာနေသည့်အပေါ် အလျင်အမြန် ရေးဆွဲ အပြီးသတ်ရန် ပြည်သူ့လွှတ်တော်တွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် တချို့က အစိုးရကို တောင်းဆိုကြောင်း သတင်း ရရှိသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာက အဆိုပါ ဥပဒေ အလျင်အမြန် ရေးဆွဲနိုင်ရေး အတွက် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆို တရပ်ကို ဖေဖော်ဝါရီ ၂ ရက်က ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်နန်းစေအွာ၏ အဆိုကို အခြား အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကလည်း ထောက်ခံခဲ့ကြပြီး အစိုးရအနေဖြင့် ယင်း ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဒေါ်နန်းစေအွာက “ဘာလို့ အလျင်အမြန် ရေးဆွဲချင်ရတာလဲဆိုတော့ အဲဒီအချိန်မှာတုန်းက တနိုင်ငံလုံးမှာက ရခိုင်ဘက်မှာ လိင် အကြမ်းဖက်မှုတွေကြောင့် လူသတ်မှုတွေအထိ ဖြစ်လာတယ်၊ အဲဒီကနေပြီး လူမျိုးရေးကနေ ဘာသာရေးပဋိပက္ခတွေ ဖြစ်လာ တယ်။ အခု လောလောလတ်လတ် ဆိုရင်လည်း ကချင်မှာဆိုရင် ဆရာမ ၂ ဦးကိစ္စပေါ့။ တကယ်လို့သာ ထိထိ ရောက်ရောက် ဥပဒေကို ပြဌာန်းမယ်၊ ပြစ်ဒဏ်ကိုလည်း တကယ့်မှတ်သားလောက်တဲ့ ပြစ်ဒဏ်ပေးမယ်ဆိုရင် ဒါတွေဟာ လျော့နည်းလာမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး ကော်မတီများ ဖွဲ့စည်းရေးဆွဲ ဆောင်ရွက်လျက်ရှိသော်လည်း မည်သည့် အချိန် ပြီးမည် ဆို သည် ကို မသိရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည် ဖြေကြားခဲ့သည်။
ယင်းဥပဒေကြမ်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာမှ ၂၀၁၅ ဇန်န၀ါရီ ၂၃ ရက်အထိ အစည်အဝေး ၇ ကြိမ် ကျင်းပပြုလုပ်ပြီး အခန်း ၁၁ အထိ ရေးဆွဲ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောဆိုသည်။
“ဘယ်အချိန်ပြီးမယ် ဆိုတာတော့ မသိပါဘူး။ ဘယ်အခန်းထိ ဆွဲမှာလဲဆိုတာကလည်း ပါဝင်ဆွေးနွေးသူတွေရဲ့ အကြံပြုချက်တွေပေါ်မှာ မူတည်ပါလိမ့်မယ်”ဟု ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။
အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းကို သက်ဆိုင်ရာ ၀န်ကြီးဌာနအနေဖြင့် အလျင်အမြန် ရေးဆွဲ၍ ယခုတကြိမ် လွှတ်တော်မပြီးခင် လွှတ်တော်သို့ ရောက်ရှိစေချင်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဥပဒေထွက်ပေါ်လာရေး ဆန္ဒရှိကြောင်း ဒေါ်နန်းစေအွာက ပြောကြားသည်။
ယင်းဥပဒေကြမ်း ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်မေစပယ်ဖြူကမူ“လွှတ်တော်ထဲ အမြန် မတင်နိုင် ရ တဲ့ အကြောင်းအရင်းက ဥပဒေဆိုပြီး ရေးဆွဲပြီး တင်လိုက်ရုံနဲ့မဟုတ်ဘူး။ ဒီဥပဒေထဲမှာ ဘယ်အချက်တွေကတော့ မဖြစ်မနေပါဝင် သင့်တယ် ဆိုတာတွေကို ကျမတို့က လူထုနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ချင်သေးတယ်။ ကျမတို့က အဲဒီ လုပ်ငန်းစဉ်နဲ့ ရေးဆွဲနေ တာကြောင့် နည်းနည်း အချိန်ယူရပါတယ်၊ အချိန်လည်း ကြာနေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခု ဥပဒေကြမ်းတွင် စုစုပေါင်း အခန်း ၂၀ ပါရှိပြီး လက်ရှိအချိန်တွင် အခန်း ၁၂ ခန်းအထိ ဆွေးနွေးပြီးဖြစ်ကြောင်း၊ ဥပဒေ အသက် ၀င်စေရေးအတွက် မည်သို့သော လုပ်ထုံးလုပ်နည်းများဖြင့် ပြဌာန်းမည်ဆိုသည့် အပိုင်းများသာ ဆွေးနွေးရန် ကျန်ရှိတော့ ကြောင်း ကျားမ ရေးရာ တန်းတူညီမျှရေး ကွန်ရက် အဖွဲ့ဝင်လည်း ဖြစ်သူ ဒေါ်မေစပယ်ဖြူက ပြောဆိုသည်။
အစိုးရသစ် လက်ထက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အမျိုးသမီးများအား အဓမ္မ ပြုကျင့်မှုများအပြင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ကျူးလွန်မှုများ ဆက်လက် ရှိနေဆဲဖြစ်ကြောင်း၊ ကျူးလွန်သူများကိုလည်း အစိုးရအနေဖြင့် ချက်ချင်းအရေးယူပြီး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် အားနည်းနေကြောင်း အမျိုးသမီး အရေး ဆောင်ရွက်နေသူများနှင့် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ဝေဖန်ပြော ဆိုလျက်ရှိသည်။

No comments:
Post a Comment