Wednesday, February 11, 2015

၂၀၁၅-၁၆ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ယခင်ထက် နှစ်ဆကျော် တိုးမြှင့်ထား

စိုးသန်းလင်း

ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကျပ်ဘီလီယံ ၃,၉ဝဝ ခန့် လျာထား ရာ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်ထက် နှစ်ဆကျော်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဖေဖော်ဝါရီ ၂ဝ ရက် ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး (၁၆) ရက် မြောက်နေ့တွင် လွှတ်တော်သို့ ရှင်းပြခဲ့သည်။

''၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျပ် ၃,၈၈၁ ဒသမ ၆ ဘီလီယံ ခန့်မှန်းထားပြီး ၂ဝ၁၅ -၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၈ဝ၆၉ ဒသမ ၆ ဘီလီယံ ခန့်မှန်းထားတာ တွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့် ဂျီဒီပီအချိုးမှာ ၂ဝ၁၄-၁၅ ဘဏ္ဍာ နှစ်တွင် ၃၅ ဒသမ ၁၇ ရာခိုင်နှုန်းမှ ၂ဝ၁၅ -၁၆ ဘဏ္ဍာနှစ်တွင် ၃၅ ဒသမ ၅၃ ရာခိုင်နှုန်း ဖြစ်ပေါ်လာမည်ကို တွေ့ ရှိရပါတယ်'' ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူး ပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ကော်မတီ၏ လေ့လာတွေ့ရှိချက်ကို လွှတ်တော်သို့ တင်ပြခဲ့သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိလာစေရေးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး၊ ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးခြင်းတို့ကို ဦးစားပေးအနေဖြင့် အလျင်အမြန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်မှစ၍ ရင်းနှီးမြှုပ်နှံခွင့်ပြုသော ကဏ္ဍနှင့် လုပ်ငန်းအရေအတွက်ကို တိုးမြှင့်လာခဲ့ရာ ၂ဝ၁၁-၁၂ တွင် ကဏ္ဍငါးခု၌ ခွင့်ပြုလုပ်ငန်း ၁၃ ခု ရှိခဲ့ရာမှ ၂ဝ၁၄-၁၅ တွင် ကဏ္ဍ ၁ဝ ခု၌ လုပ်ငန်း ၁၄၄ ခုတို့ကို ခွင့်ပြုခဲ့ကြောင်း၊ အခွန်ဆိုင်ရာ ကင်းလွတ် ခွင့်နှင့် သက်သာခွင့်ကာလကိုလည်း သုံးနှစ်မှ ငါးနှစ်သို့ တိုးမြှင့်ပေးခြင်း၊ မြေငှားရမ်းခွင့်ကာလကို အနှစ်သုံးဆယ်မှ ငါးဆယ်သို့ တိုးမြှင့်ပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မာဏတိုးမြင့်လာမည်ဟု မျှော် မှန်းထားကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့က ရည်မှန်းထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဂျီဒီပီ အချိုး ၃၅ ဒသမ ၅၃ မှာ သင့်လျော်ပါကြောင်း ဥပဒေကြမ်းပူးပေါင်း ကော်မတီက အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများ၏ အဆိုပါ အချိုးများကို ဥပမာထား နှိုင်းယှဉ်ပြီး သုံးသပ်ပြခဲ့သည်။

No comments: