Saturday, February 7, 2015

ပြည်မြို့တွင် ဆေးလိပ်မီးကြောင့် ဆိုင်ကယ်ဂိုဒေါင် မီးလောင်မှုဖြစ်ပွား

ရေခဲ (ပြည်)

ပြည်မြို့တွင် ဖေဖော်ဝါရီ ၅ ရက် နံနက်က ဆေးလိပ်တိုမီးကြောင့် ဆိုင်ကယ်ဂိုဒေါင်တစ်ခု မီးလောင်မှု ဖြစ်ခဲ့ကြောင်းပြည်ခရိုင် မီးသတ်ဦးစီးမှူး ဦးဝင်းညွန့်က မဇ္ဈိမကို ပြောသည်။

''စက္ကူဂျပ်ဖာဂိုထောင်မှာ ဆေးလိပ်တို ထားခဲ့တော့ ဆေးလိပ်မီးကနေတစ်ဆင့် မီးလောင်မှု စဖြစ်တာ။ အလုပ်သမားတွေထဲမှာ ဆေးလိပ်သောက်တဲ့ လူနှစ်ယောက် လောက်ရှိတယ်'' ဟု မီးသတ်ဦးစီးမှူး က ပြောသည်။

ထိုနေ့ နံနက် ၉ နာရီ အချိန်တွင် ပြည် မြို့၊ ရွာဘဲရပ်ကွက်၊ ကွင်းအမှတ် ၁၃။ှု ဦးပိုင် အမှတ် (၂၈/၁ဝ) ရှိ ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်မေပုလဲဇင်၏ ဆိုင်ကယ်ဂိုဒေါင်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ဆိုင်ကယ်ထည့်သည့် ကတ်ထူဂျပ်ဖာ အခွံများသာ မီးလောင်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုကြောင်း မီးသတ်ဌာနမှတ်တမ်းတွင် ဖော်ပြထားသည်။

မီးလောင်မှုနှင့် ပတ်သက်ပြီး ဒေါ်မေပုလဲဇင်ကို ပြည်မြို့မရဲစခန်းတွင် ပြစ်မှု အမှတ် ပ-၉၆/၂ဝ၁၅၊ ဥပဒေ ပုဒ်မ-၂၈၅ အရ အမှုဖွင့် အရေးယူထားသည်။

No comments: