Tuesday, February 3, 2015

အရှိန်တက်လာတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံရေး အားပြိုင်ပွဲ

ဧရာဝတီ

သမ္မတဦးသိန်းစိန်က လွှတ်တော်ရဲ့ တောင်းဆိုမှုဖြစ်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံရေး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ တရားဝင် ကြေညာလိုက်ပြီး ဦးရွှေမန်းက လွှတ်တော်ရဲ့ တောင်း ဆိုမှုကို မလိုက်နာရင် ဥပဒေချိုးဖောက်မှု ဖြစ်တယ်လို့ ပြောဆို လိုက် တာမို့ သူတို့ ၂ ဦးအကြား အားပြိုင်ပွဲက အရှိန် အမြင့်ဆုံးရောက်ရှိပြီး ပေါက်ကွဲထွက်တော့မယ် အခြေအနေကို ရောက်ရှိလာနေပြီလို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ဝေဖန် ပြောဆိုပါတယ်။

ဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တဦး ပါဝင်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံရေး လုပ်ဆောင်ပေးဖို့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တောင်းဆိုခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန်က အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်ရဲ့ တောင်းဆိုမှုကို မလိုက်နာ ဘဲ လျစ်လျူရှုထားခဲ့ပါတယ်။

ဇန်န၀ါရီလ ၁၂ ရက်နေ့မှာတော့ သမ္မတဦးသိန်းစိန်က ၆ ပွင့်ဆိုင် တွေ့ဆုံရေးအစား တိုင်းရင်းသားရေးရာဝန်ကြီးတွေ ပါ ပါဝင် တဲ့ ၄၈ ဦးပါ နိုင်ငံရေး ဆွေးနွေးပွဲ တရပ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် တစုံတရာမရရှိဘဲ ပြီးဆုံးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် ရဲ့ ၆ ပွင့်ဆိုင်ရေး ရှောင်လွှဲမှုတွေကြောင့် ဦးရွှေမန်းက သည်းမခံနိုင်တော့ဘဲ ဇန်န၀ါရီလ ၃၀ ရက်နေ့ နေပြည် တော် လွှတ်တော် အဆောက်အအုံမှာ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ပြီး သမ္မတဦးသိန်းစိန်ကို သတိပေး မှုတွေ လုပ်လာပါတယ်။

၆ ပွင့်ဆိုင် တွေ့ဆုံရေး ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ဥပဒေချိုးဖောက်တာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းက ဇန်န၀ါရီလ ၃၀ ရက်နေ့ လွှတ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်ပြောဆိုလိုက်ပါတယ်။

ဥပဒေပြုအာဏာ ရဲ့ အမြင်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ တောင်းဆိုမှုကို ဘယ်သူ ကမှ မချေဖျက်နိုင်သလို လိုက်နာဖို့လည်း လိုတယ်လို့ ဦးရွှေမန်းက ဆိုပါတယ်။ လွှတ်တော်ရဲ့ တောင်းဆိုမှုကို မလိုက်နာတာက ဥပဒေချိုးဖောက်တာ ဖြစ်တယ်ဆိုတာကို လည်း အတိအလင်း သတိပေးလိုက်ပါတယ်။

အဲဒီသတိပေးချက်ထွက်လာပြီး ရက်အနည်းငယ်အကြာမှာ သမ္မတဦးသိန်းစိန်က လွှတ်တော်ရဲ့ တောင်းဆိုမှုဖြစ်တဲ့ ၆ ပွင့် ဆိုင် တွေ့ဆုံရေး ကို မူအားဖြင့် ကြိုဆိုပြီး မငြင်းပယ်ပေမယ့် တွေ့ဆုံ ဆွေးနွေးမှုတွေကို ပုံစံမျိုးစုံနဲ့ပြုလုပ်မှာဖြစ်ကြောင်း၊ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေ ဖြစ်အောင် လုပ်ဆောင်ရမယ်မှာဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားကြောင်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းမှာ တုံ့ပြန်ပြောဆိုပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဦးရွှေမန်းရဲ့ အားပြိုင်ပွဲက နိုင်ငံရေး အခြေအနေ တရပ်ဆီ ဦးတည်လာပြီဆိုတာကို လွှတ်တော် အမတ် တွေ ရော ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းကပါ လက်ခံထားကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ လည်း အစိုးရနဲ့ လွှတ်တော် အကြား အပြန်အလှန် ထိန်းကျောင်းနိုင်တဲ့ အာဏာတွေ ပေးထားတာမို့ ဥပဒေအတိုင်းသာ ဆက်ပြီး ရင်ဆိုင်တိုက်ပွဲဝင်မယ်ဆိုရင် နိုင်ငံရေး အကျပ်အတည်းဖြစ်ပေါ်ပြီး စစ်အာဏာသိမ်းမယ့် အခြေအနေတွေ ရှိနေပါတယ်။ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ငြင်းပယ်မှုကို အကြောင်းပြုလို့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဘက်က သမ္မတကို စွပ်စွဲ ပြစ် တင် လာနိုင်သလို သမ္မတကလည်း အရေးပေါ် အခြေအနေကြေညာလို့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ အပ်နှင်း နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာ နိုင်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ နိုင်ငံတော်အကြီးအကဲ ၊ ပုဒ်မ ၇၁ ၊ အပိုဒ်ခွဲ က ကြီးမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတ တွေကို လွှတ်တော်က စွပ်စွဲ ပြစ်တင်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပြဋ္ဌာန်းထားပြီး အဲဒီပြဋ္ဌာန်းချက်တွေမှာ “ဥပဒေအရ ပေး အပ် ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ မထမ်းဆောင်နိုင်တဲ့အခါ” နိုင်ငံတော်သမ္မတကို လွှတ်တော်က စွပ်စွဲ ပြစ် တင် နိုင်တယ် ဆိုတဲ့ ပြဋ္ဌာန်းချက်တခုလည်း အပါအ၀င်ဖြစ်ပါတယ်။ ဦးရွှေမန်းရဲ့ ပြောဆိုချက်မှာ လွှတ်တော်ရဲ့ တောင်း ဆိုမှု ဖြစ်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်တာဟာ ဥပဒေချိုးဖောက်တာလို့ ဆိုထားတာကြောင့် သမ္မတကို လွှတ်တော်က စွပ်စွဲ ပြစ်တင်လို့ ရတဲ့ အခြေအနေဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁ မှာ နိုင်ငံတော်သမ္မတကို လွှတ်တော်က စွပ်စွဲပြစ်တင်လိုတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော် မှာပါဝင်တဲ့ လွှတ်တော် ၂ ရပ်မှ လွှတ်တော် တရပ်ရပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး ၄ ပုံ ၁ပုံ က လက်မှတ်ရေးထိုးပြီး မိမိတို့ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံတင်ပြ နိုင် တယ်လို့ ဆိုထားပါတယ်။

လွှတ်တော်ရဲ့ သမ္မတအပေါ် စွပ်စွဲ ချက်ကို သက်ဆိုင်ရာ လွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနက် အနည်းဆုံး ၃ ပုံ ၂ ပုံက ထောက်ခံ မှသာ ဆက်လက်အရေးယူဆောင်ရွက်ရမယ်၊ လွှတ်တော်တရပ်ရဲ့ စွပ်စွဲချက်ကို အရေးယူ ဆောင်ရွက်ဖို့ ထောက်ခံ လျှင် အခြားလွှတ်တော်တရပ်က စွပ်စွဲချက်ကို အဖွဲ့ဖွဲ့ စုံစမ်းစစ်ဆေးရမယ်၊ စွပ်စွဲချက် မှန်ကန်ကြောင်း လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး ၃ပုံ ၂ ပုံထောက်ခံရင် သမ္မတအား ရာထူးမှ ရပ်စဲဖို့ ယင်းလွှတ်တော်က ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံ တင်ပြရမယ်၊ ပြည်ထောင်စု လွှတ်တော် အကြီး အမှူး က တင်ပြချက်ကို ရရှိလျှင် ရရှိချင်း စွပ်စွဲခံရတဲ့ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို ရာထူးမှ ရပ်စဲကြောင်း ကြေညာ ရမယ်ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁ မှာ ပြဋ္ဌာန်း ထားပါတယ်။

တဖက်မှာလည်း သမ္မတအနေနဲ့ စစ်အုပ်ချုပ်ရေးကျင့်သုံးတဲ့ အရေးပေါ်အခြေအနေ ကြေညာနိုင်တဲ့ ဥပဒေပါ အခွင့်အရေး ရှိနေပါ တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၈ မှာ သမ္မတအနေနဲ့ ပြည်ထောင်စုပြိုကွဲစေမယ့် ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲစေမယ့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမယ့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်တဲ့ အကြောင်းတွေ့ရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေကြေညာနိုင်ကြောင်း၊ အရေးပေါ် အခြေအနေကြေညာပြီးတဲ့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာ ၃ ရပ်စလုံး လွှဲပြောင်းကြောင်း ကြေညာရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

လက်ရှိ အခြေအနေမှာတော့ လွှတ်တော်နဲ့ အစိုးရကြား တင်းမာမှုတွေက ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကို အခြေခံလို့ အရှိန်အမြင့်ဆုံးရောက်ရှိနေပါတယ်။ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်ပေါ်မူတည်ပြီး သမ္မတဦးသိန်းစိန်က တန်ပြန် လုပ်ဆောင်မယ့် အခြေအနေတွေ ဖြစ်ထွန်းနေတာမို့ အလွန်ကို အန္တရာယ်ကြီးတဲ့ အခြေအနေပါပဲ။

လတ်တလော လွှတ်တော်နဲ့ အစိုးရအကြားက အကွဲအပြဲတွေကလည်း ပိုမို ကြီးမားလာပြီး လွှတ်တော်ကိုယ်စားလှယ် လစာ တိုးမြှင့်ရေး ဥပဒေတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပရေးဆိုင်ရာ ဥပဒေတွေမှာ သမ္မတ လက်မှတ်မထိုးဘဲ ဥပဒေ အဖြစ် အသက်ဝင်လာမယ့်ပုံရှိပါတယ်။

၆ ပွင့်ဆိုင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ မဖြစ်နိုင်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉(စ) နဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ၊ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆိုတာတွေကလည်း ဖြစ်ထွန်းပေါ်ပေါက်လာဖို့ လမ်းမမြင်တော့ပါဘူး။

သမ္မတရဲ့ ထောက်ခံမှုနဲ့ စစ်တပ်ရဲ့ သဘောတူညီချက်မရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းဟာ လွှတ်တော်မှာ အတည် ပြုနိုင်မှာ မဟုတ်သလို ၂၀၁၅ ခုနှစ်၊ မေလမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ တောင် လုပ်နိုင်ဖို့ လမ်းမမြင်ဘူးလို့ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်လည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ ဦးလှဆွေက သုံးသပ်ပြောဆိုပါတယ်။

၆ ပွင့်ဆိုင်တွေ့ဆုံရေး အဆင်မပြေခဲ့ရင်တော့ စစ်ခေါင်းဆောင်တွေ စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလည်း ဆက်လက် အသက်ဝင်နေမှာ မို့ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက မအောင်မြင်တဲ့ ပြုပြင်ပြောင်းလဲ ရေးအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးမှာ ဖြစ်တယ်လို့ ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုပါတယ်။

No comments: