Wednesday, February 11, 2015

ပဲခူးတိုင်း အစိုးရအဖွဲ့နှင့် ကျောင်းသားသပိတ် ပင်မစစ်ကြောင်း ခေါင်းဆောင်များ ယနေ့တွေ့မည်

အောင်ကိုဦး

ပဲခူးတိုင်း အစိုးရအဖွဲ့နှင့် မန္တလေးမှထွက်လာသည့် ကျောင်းသားသပိတ် ပင်မစစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင်များ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျောင်းသားများတည်းခိုရာ ရွှေပေါက်ပင်ကျောင်းတိုက်၌ တွေ့ဆုံဆွေးနွေးသွားမည်ဟုပြည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြောသည်။

တွေ့ဆုံရန် ခရိုင်အုပ်ချုပ်ရေးမှူးက ရွှေပေါက်ပင်ကျောင်း ဆရာတော်ထံ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့်က လာရောက် လျှောက်ထားခြင်း ဖြစ်သည်။

"ကျွန်တော်က ဆရာတော်ကို လာပြီး ကြားဝင်စေ့စပ်ခိုင်းတာပါ။ အဓိက ကတော့ ဝန်ကြီးတွေက ကျောင်းသားတွေနဲ့ တွေ့ဆုံချင်တာပါပဲ။ ဒါကို ဆရာတော်ကို ပြောခိုင်းတာပါ။ တွေ့ဖို့မတွေ့ဖို့ကတော့ ကျောင်းသားတွေပေါ်မှာ မူတည်ပါမယ်။" ဟု ပြောသည်။

ကျောင်းသားသပိတ် ခေါင်းဆောင်များကို ပဲခူးတိုင်း စီးပွား/စီမံဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် နယ်လုံဝန်ကြီးတို့က တွေ့ဆုံမည်ဖြစ်သည်။

ဗကသများအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ကိုမိုးထက်နေက "သူတို့တွေ့ချင်တာကို လက်ခံတယ်။ ကျွန်တော်တို့ဘက်ကလည်း တွေ့သွားမှာပါ။ ကျွန်တော်တို့ဘက်ကလည်း တင်ပြစရာရှိတာတွေ တင်ပြမယ်။ သူတို့ တွေ့ဆုံပြောမယ့်အပေါ် မူတည်ပြီး လုပ်သွားမယ်။ သူတို့က ဘာပြောမယ်ဆိုတာ မသိရသေးဘူး။"ဟု ပြောသည်။

ရွှေပေါက်ပင်ကျောင်းတိုက် ဆရာတော်ကလည်း "ဘုန်းကြီးကတော့ တွေ့စေချင်တယ်။ သူတို့ဘက်က ငြိမ်းငြိမ်းချမ်းချမ်းတွေ့ဖို့ ပြောတာလေ။ ဒီလိုပြောပြီး တစ်ခုခုလုပ်မယ်ဆိုရင်တော့ လက်မခံဘူး။ အစိုးဘက်က တွေ့ချင်တယ်ဆိုလို့ ဘုန်ကြီးက ကျောင်းသားခေါင်းဆောင်တွေကို ခေါ်ပြောတယ်။ သူတို့ကလည်း လက်ခံတယ်။ ဘုန်းကြီးကတော့ ကျောင်းသားတွေ ရည်မှန်းချက်အတိုင်း ရန်ကုန်ရောက်အောင် ကူညီသွားမယ်" ဟု မိန့်ကြားသည်။

ကျောင်းသားသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်မြို့အတွင်းချီတက်၍ လှည့်လည်ဟောပြောနေပြီး ညပိုင်းတွင် ရွှေပေါက်ပင်ကျောင်းတိုက်၌ပင် ညအိပ်မည် ဖြစ်သည်။

No comments: