Tuesday, February 3, 2015

မူးယစ်ဆေးဝါးဒဏ်ကို သျှမ်းပြည်နယ်ရှိ အမျိုးသမီးများ ပိုမိုခံစားရ တောင်ပိုင်းချယ်ရီပုံရိပ် ကွန်ယက်ပြော

သျှမ်းသံတော်ဆင့် / ယိင်းတိုင်း

သျှမ်းပြည် တောင်ပိုင်း မြို့တော် တောင်ကြီးတွင် ချယ်ရီ ပုံရိပ် ကွန်ယက် အရပ်ဖက် လူ့အဖွဲ့အစည်းက မူးယစ် ဆေးဝါး နှင့် ပတ်သက်သော လူငယ် အသိပညာ ပေးဟောပြောပွဲ တစ်ရပ် ကျင်းပရာ မူးယစ် ဆေးဝါး ဒဏ်ကို သျှမ်းပြည်နယ်ရှိ အမျိုးသမီးများ ပိုမိုခံစားရကြောင်း ပြောဆိုပါသည်။

သျှမ်းပြည်နယ် အတွင်းရှိ ဒေသများ စွာတွင် မူးယစ်ဆေးဝါး သုံးစွဲမှုပြဿနာသည်လူငယ်များ ၏အနာဂါတ်ဘဝဖွံ့ဖြိုး တိုးတက်မှု၊ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်မှုများအား နှောင့်ယှက် ခြိမ်းခြောက်မှု ကြီး တခုဖြစ်နေပြီး နောက်ဆက်တွဲ ပြဿနာအဖြစ် မိသားစုဝင်များ၏ဘဝ သည် သွယ်ဝိုက် သောနည်းဖြင့်ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့်ကြုံတွေ့နေရကြောင်း သျှမ်းပြည်တောင်ပိုင်း ရှိအရပ်ဖက် လူမှုအဖွဲ့အစည်း (၇) ဖွဲ့ဖြင့်ဖွဲ့ စည်းထားသော တောင်ပိုင်း ချယ်ရီပုံရိပ်လူမှုကွန်ယက် မှ ကျင်းပသည့် မူးယစ်ဆေးနှင့်ပတ်သက်သည့် ဟောပြောပွဲတွင် ဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးအောင်ဇေ က ပြောသည်။

“ ကျနော်တို့ ငယ်ငယ်ကတည်းက မူးယစ်ဆေးဝါးအန္တရာယ်ဆိုးတာကို ကြုံတွေ့ရတယ်။ ဒါပေမယ့် အဲဒီခေတ်က ဒီဘက်ခေတ်လောက်မပြန့်နှံ့ခဲ့ ဘူး။ ကျေးရွာမှာဖြစ်စေ မြို့ရွာမှာဖြစ်စေ ခုခေတ်လူငယ်တွေကြားမှာ မူးယစ်ဆေးဝါး အန္တရာယ်က တော်တော်လေးကိုခြိမ်းခြောက် လာတာကို့တွေ့ရတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးဒဏ်ခံနေရတဲ့ မိသားစုတွေရဲ့ ဘဝတွေကို စာနာတဲ့အနေနဲ့ အခုလို ဟောပြောပွဲလေးကျင်းပရတာ ဖြစ်ပါတယ်” ဟု ဦးအောင်ဇေ က ပြောသည်။

မူးယစ်ဆေးဝါး ပြဿနာကို မိဘပြည်သူများ သတိပြုမိစေရန် ၊ ဒေသတိုင်းတွင်မူးယစ်ဆေး သုံးစွဲမှုလျော့ကျသွား အောင် မူးယစ်ဆေး ရှောင်ကျဉ်ဖို့ ပိုမို ဖိအားပေးမှု တခု ဖြစ်စေရန် ရည်ရွယ်၍ တောင်ပိုင်း ချယ်ရီ ကွန်ယက်က ဖေဖော်ဝါရီ(၁)ရက်နေ့ က မူးယစ်ဆေးဝါးနှင့် ပတ်သက်သော လူငယ် အသိပညာ ပေး ဟောပြောပွဲ တစ်ရပ်ကို တောင်ကြီးမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

မူးယစ် ဆေးဝါး သုံးစွဲသူ အများစုမှာ အမျိုးသားများ ဖြစ်ပြီး မူးယစ် ဆေးဝါး၏ ဒဏ်ကို သွယ်ဝိုက်သော နည်းဖြင့် ခံစားနေရ သည်မှာ အမျိုးသမီးများ ဖြစ်ကြောင်း ချယ်ရီပုံရိပ် လူမှုကွန်ယက်မှ ဒေါ်ချိုမြဦးကပြောသည်။

“ ကျမတို့အမျိုးသမီး တွေဟာ မူးယစ်ဆေးဝါးရဲ့ကျေးကျွန်ဖြစ်နေတဲ့ ကိုယ်ရဲ့အိမ်သားတွေအတွက်၊ အိမ်မှာနေပြီ်းစိတ်ဒုက္ခ သောက မျိုးစုံကိုခံစားနေကြရတယ်။ ဒါကြောင့် မူးယစ် ဆေးဝါး ကိစ္စကို ကျမတို့ပြည်သူတွေ အနေနဲ့ချည်းဘဲ တိုက်ဖျက်လို့ မရနိုင်ပါဘူး ။တကယ်လျော့ကျသွားအောင် နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အာဏာရှိ အစိုးရတွေမှာ အများကြီးတာဝန်ရှိပါတယ် ” ဟု ပြောသည်။

“ တစ်ခြားပြည်နယ်တော့ မသိဘူး။ ကျမတို့ သျှမ်းပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေက မူးယစ်ဆေးဝါးရဲ့ဒဏ်ကို ခံနေရဆုံးပါ။ ရာခိုင်နှုန်းအရတိတိကျကျ မသိပေမယ့် မူးယစ်ဆေးဝါးအမှုနဲ့ ထောင်မှာကလေးတွေမွေးကြရတယ်။ အာဏာပိုင်တွေ ကဖမ်းဆီးတာတွေလုပ်တဲ့အခါ ယောက်ျားဖြစ်သူကို မဖမ်းမိရင် အိမ်ကမိန်းမကိုဖမ်းတယ် ” ဟု တက်ရောက်လာသူ နန်းခမ်း မှပြောသည်။

၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ကင်းမဲ့ဇုန်အဖြစ် အာစီယံနိုင်ငံများက သတ်မှတ်ခဲ့ကြသော်လည်း မြန်မာတစ်နိုင်ငံ တည်း ၂၀၁၉ ခုနှစ်အထိ ရွှေ့ဆိုင်းထားသည်ဖြစ်ရာ ကြားကာလများတွင် ပြည်သူလူထုအများစု မှာနှစ်နာမှုများ ခံစားနေရ ပါသည်။ မူးယစ်ဆေးဝါးပြဿနာသည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်ရင်ဆိုင်နေရသော်လည်း သျှမ်းပြည်နယ်ရှိ ဒေသ များစွာတွင် အဆိုးဆုံးအခြေအနေ သို့ရောက်ရှိနေကြောင်း ဦးအောင်ဇေကဆက်လက်ရှင်းပြသည်။

“ ရိုးသားသော ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းစိုက်ခြင်းကို အပြစ်ရှိတယ်လို့ သူတို့မထင်ဘူး။ ဘာကြောင့်လည်း ဆို တော့ သူတို့တွေကအာဏာပိုင်အဖွဲ့အစည်းတွေကို အခွန်ဆောင်ပြီးသားမို့လို့ သူတို့စိတ်ထဲမှာ တရားဝင် ဘိန်းစိုက်နေ ကြတယ်လို့ထင်နေကြတယ်။ နောက်ပြီး တက္ကသိုလ်ရောက်ကျောင်းသား ငါးဆယ်ရာခိုင်နှုန်းက ဂိမ်းစွဲ၊ ကျန်ငါးဆယ် ရာခိုင်နှုန်းက ဂိမ်းနဲ့ ဘိန်းစွဲတယ် ဒီလိုတွေဖြစ်ကုန်တဲ့အတွက် လူသားအရင်းအမြစ်တွေ အရမ်းနှမြောမိတယ် ” ဟု ဟောပြောပွဲသို့ တက်ရောက်လာသော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မှ ဦးနေမျိုးက ရှင်းပြသည်။

သျှမ်းပြည်နယ်တွင် ၂၀၁၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အမှု နှစ်ထောင်ကျော်ရှိခဲ့ကြောင်း ရဲမှူးကြီး ၀င်းထွန်းက သျှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာများတွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။

သျှမ်းပြည်တောင်ပိုင်းအတွင်းဘိန်းဖျက်ဧက တိုးလာသည်ဟု အာဏာပိုင်များပြောဆိုသော်လည်း စိုက်ပျိုးမှုဧကမှာလည်း တစ် နှစ်ထက်တစ်နှစ် တိုးမြှင့်လာကြောင်းဒေသခံများကပြောဆိုပါသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်ထုတ်လုပ်သောနိုင်ငံအဖြစ်ကျော်ကြားလျှက်ရှိပြီး သျှမ်းပြည်နယ် တောင်ပိုင်း သည်မူးယစ်ဆေးဝါးအန္တရာယ်လွှမ်းမိုး၊ ခြိမ်းခြောက်ခံနေရသော ဒေသတစ်ခုဖြစ်သည်။


No comments: