Thursday, February 5, 2015

သန်လျင်မြို့နယ်တွင် အိုင်စီတီစီးတီး တည်ဆောက်ရန် သတ်မှတ်ထားသည့် မြေနေရာကို ပြောင်းလဲမည်

မောင်မန်း

အောက်မြန်မာပြည်တွင် တည်ဆောက်မည့် အိုင်စီတီစီးတီးအတွက် မြေဧက ၅ဝဝ ကျော်ကို သန်လျင်မြို့နယ်အတွင်း အတည်ပြုသတ်မှတ်ခဲ့ပြီးနောက် ယင်းနေရာတွင် သင်္ဘောကျင်း တည်ဆောက်ရန် အစီအစဉ် ရှိနေသဖြင့် နေရာပြောင်းလဲသတ်မှတ်မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းက မဇ္ဈိမကို ပြောသည်။

၎င်းက ''သမ္မတက လမ်းညွှန်ချက်ပေးခဲ့ပြီး မြေနေရာ ဧက ၃ဝဝ လောက်ရှိတဲ့ အကွက်ကို စည်ပင်က ပြပေးပါတယ်။ ဒါကို လက်ခံခဲ့ပြီး အခုသင်္ဘောကျင်း ဆောက်ဖို့ စီမံကိန်းရှိတဲ့အတွက် နေရာပြောင်းပြီးသတ်မှတ်ဖို့ ပြန်လုပ်နေတယ်'' ဟု ဆိုသည်။

ပြောင်းလဲသတ်မှတ်မည့် မြေနေရာနှင့် မည်သည့်အချိန်တွင် သတ်မှတ်မည်ကို မသိရှိရသေးဟုလည်း ၎င်းက ပြောသည်။

အောက်မြန်မာပြည်အတွက် အိုင်စီတီစီးတီးတစ်ခု တည်ဆောက်ရန် ၂ဝ၁၄ ခုနှစ် ဇူလိုင်လအတွင်း၌ နိုင်ငံတော် သမ္မတက လမ်းညွှန်ခဲ့ပြီး အိုင်စီတီစီးတီး တည်ထောင်နိုင်ရန် အဆောက်အအုံတည်ဆောက်ရာတွင် အခြေခံအဆောက်အအုံများ ပြည့်စုံစွာ ထည့်သွင်း တည်ဆောက်နိုင်သည့်နေရာ ဖြစ်စေရန် ရွေးချယ် ရမည့်အပြင် လျှပ်စစ်မီး၊ ရေ၊ ပို့ဆောင်ဆက်သွယ်ရေး ကောင်းမွန်မှုနှင့် အခြေခံလိုအပ်ချက်များ ပြည့်စုံမည့် နေရာဖြစ်စေရန် ရွေးချယ်ရမည်ဖြစ်သည်ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။

နိုင်ငံတကာတွင် အိုင်စီတီစီးတီးများ ထူထောင်ခြင်းကို စက်ရုံများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍လုပ်ဆောင် ကြခြင်းဖြစ်ပြီးမြန်မာနိုင်ငံကမူ ယင်းအခြေအနေသို့ ရောက်ရှိရန် လိုအပ်မှုရှိနေသေးသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။

အိုင်စီတီနည်းပညာနယ်ပယ် တိုးတက်လာခြင်းဖြင့် တိုင်းပြည်လူမှုစီးပွား တိုးတက်မှုကို အချိန်တိုအတွင်း ရရှိနိုင်မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း နည်းပညာကော်မတီ ဥက္ကဋ္ဌ ဦးရဲကျော်သိန်းက ပြောသည်။

၎င်းက ''အိုင်စီတီကဏ္ဍကို တိုးတက်အောင် လုပ်နိုင်ပြီဆိုရင် တိုင်းပြည်ရဲ့ လူမှုစီးပွားကို အချိန်တိုအတွင်း တိုးတက်လာစေနိုင်ပါတယ်။ အိုင်စီတီကဏ္ဍကို အောင်မြင်အောင် လုပ်နိုင်ပြီဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံ အနေအထားကနေ လွတ်ပြီလို့ ပြောလို့ရပါတယ်'' ဟု သုံးသပ်သည်။

No comments: