Wednesday, February 4, 2015

ကန်သာယာ အဆောက်အအုံ စီမံကိန်း၌ ပါဝင်သည့် ဟိုတယ်လုပ်ငန်းကို ကန်ဒေါ်လာ သန်း ၅၀ မြှုပ်နှံမည်

ထင်လင်းအောင်

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် သိမ်ဖြူ ယာဉ်မောင်းသင်တန်းကွင်း နေရာ၌ ဆောက်လုပ်နေသည့် ကန်သာယာ စီမံကိန်းအတွင်းမှ ဟိုတယ်လုပ်ငန်း တစ်ခုတည်းကို ကန်ဒေါ်လာ သန်း ၅ဝ ရင်းနှီးမြှုပ်နှံမည်ဟု လုပ်ငန်းဆောင်ရွက်မည့် Asia Myanmar Shining Star Investment ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မြင့်က မဇ္ဈိမကို ပြောကြားသည်။

၎င်းဟိုတယ်လုပ်ငန်းကိုလည်း အမေရိကန်အခြေစိုက် ဟိုတယ်လုပ်ငန်းစုဖြစ်သော Wyndham Hotel Group က စီမံခန့်ခွဲရေး တာဝန်ယူဆောင်ရွက်မည်ဟု ၎င်းကုမ္ပဏီဒါရိုက်တာ ဦးကျော်လှိုင်က မီဒီယာများကို ထုတ်ပြန်ပြောကြားသည်။

ထိုကဲ့သို့ တာဝန်ယူလုပ်ကိုင်ရန် Asia Myanmar Shining Star Investment ကုမ္ပဏီနှင့် Wyndham Hotel Group တို့အကြား လက်မှတ်ရေး ထိုးခြင်းကို ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်ကာ ၎င်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

ဦးအောင်မြင့်က ''စီမံကိန်းကြီး တစ်ခုလုံးကိုတော့ ကန်ဒေါ်လာ သန်း ၁၆ဝ နီးပါးမြှုပ်နှံဖို့ စီစဉ်ထားပြီးတော့ ဟိုတယ်လုပ်ငန်း တစ်ခုတည်းကို ဒေါ်လာ သန်း ၅ဝ လောက် မြုပ်နှံဖို့ စီစဉ်ထားပါတယ်။ အမှန်တော့ ဒီလောက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုလုံးကို ပြီးဖို့အတွက် ကုန်ကျစရိတ်အနည်းဆုံးနဲ့ ဆောင်ရွက်ပေးနိုင် မယ့် နိုင်ငံခြားဆောက် လုပ်ရေးကုမ္ပဏီတွေ ရွေးချယ်ခဲ့တာဖြစ်ပါတယ်''ဟု ပြောသည်။

ကန်သာယာ စီမံကိန်းသည် လူနေတိုက် ခန်းအဆောက်အအုံ၊ ရုံးခန်းအဆောက်အအုံ၊ တည်းခိုခန်းအ ဆောက်အအုံနှင့် ဟိုတယ်လုပ်ငန်း အဆောက်အအုံစသဖြင့် အဆောက်အအုံလေးခုပါရှိသည့် စီမံကိန်းကို ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။

အဆိုပါ စီမံကိန်းများ အနက် Wyndham Hotel Group သည် ဟိုတယ်လုပ်ငန်း တစ်ခုတည်းကိုသာ တာဝန်ယူလုပ်ကိုင်ရန် ၁၅ နှစ်တာ စာချုပ်ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်ဟု kAsia Myanmar Shining Star Investment ကုမ္ပဏီဒါရိုက်တာ ဦးကျော်ခိုင်က ရှင်းလင်းပြောပြသည်။

၎င်းက ''Wyndham Hotel Group က ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ ကုမ္ပဏီ မဟုတ်တဲ့အတွက် ဟိုတယ်လုပ်ငန်းကို စီမံခန့်ခွဲရေး ဆောင်ရွက်ဖို့အတွက်ကိုပဲ လက်မှတ်ရေးထိုးခဲ့တာပါ။ ဟိုတယ်စီမံကိန်းတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုကိုတော့ Asia Myanmar Shining Star Investment ကုမ္ပဏီအနေနဲ့ပဲ ဆောင်ရွက်သွားမှာ ပါ'' ဟု ဆိုသည်။

ကန်သာယာ စီမံကိန်းတစ်ခုလုံးကို ၂ဝ၁၄ ခုနှစ်အတွင်းပိုင်းက စတင်တည်ဆောက်လုပ်ကိုင်နေခြင်းဖြစ်ပြီး ၂ဝ၁၇ ခုနှစ် မေလတွင် အဆောက်အအုံ လေးခုစလုံးကို ပြီးဆုံးရန် လျာထားဆောင်ရွက်နေခြင်းဖြစ်သည် ဟုလည်း ပြောသည်။

ကမ္ဘာ့နာမည်ကြီး ဟိုတယ်လုပ်ငန်းများအနက် ဟီတန်လ်ဟိုတယ်လုပ်ငန်းစု (Hiton Hotel)၊ ကင်ပင်စကီ ဟိုတယ် (Kempinski Hotel) တို့က ပြည်တွင်းရှိ ဧဒင်လုပ်ငန်းစု၊ ကမ္ဘောဇလုပ်ငန်းစုတို့နှင့် ပူးပေါင်းကာ ဝင်ရောက်ခဲ့ပြီး ယခုအခါ Wyndham Hotel Group ကလည်း ထပ်မံဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

Asia Myanmar Shining Star Invest-ment ကုမ္ပဏီသည် တရုတ်နိုင်ငံအခြေစိုက် China Star ကုမ္ပဏီ က ၆၅ ရာခိုင်နှုန်းနှင့် ပြည်တွင်း လုပ်ငန်းရှင်များပိုင် Asia Myan-mar Consortium Development ကုမ္ပဏီက ၃၅ ရာခိုင်နှုန်းပိုင်ဆိုင်မှုဖြင့် ဖက်စပ်တည်ထောင်ထားသည်။

No comments: