Monday, February 9, 2015

ကြိုးကိုင်သူ အစွန်းရောက်ဝါဒီများ၏ အလိုကျ ကျောင်းသားများ ဆန္ဒပြနေဟု ပြည်ထဲရေးဝန်ကြီး စွပ်စွဲ

မင်းမင်း

ဆန္ဒပြကျောင်းသားများ၏ လှုပ်ရှားမှုကို အစွန်းရောက်ဝါဒီသမား (ဟောင်း)များ နောက်ကွယ်က ကြိုးကိုင်နေပြီး ယင်းလှုပ်ရှားမှုသည် တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေသည့် နိုင်ငံရေးလှုပ်ရှားမှု ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက စွပ်စွဲပြောဆိုလိုက်သည်။

'ကျောင်းသားလူငယ်တွေကို ရှေ့တန်းတင်ပြီး ကျောင်းသားအမည်ခံသူ ဦးဆောင်ကာ နောက်ကွယ်က ကြိုးကိုင် ဆောင်ရွက်နေသူတွေရဲ့အလိုကျ လုပ်ပါလုပ်ဆောင်နေရတာကို တွေ့ရှိရပါတယ်' ဟု ပြည်ထဲရေးဝန်ကြီးက အစိုးရပိုင်သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေအပေါ် သပိတ်မှောက်ကန့်ကွက်ကာ မိုင်ပေါင်းရာချီဝေးသည့် ရန်ကုန်မြို့သို့ လမ်းလျှောက် ချီတက်လာသည့် ကျောင်းသားများ၏ လှုပ်ရှားမှုအပေါ် နောက်ကွယ်က ကြိုးကိုင်နေသူများရှိနေသည် ဟု ၀န်ကြီးက စွပ်စွဲပြောဆိုခဲ့သလို ထိုလှုပ်ရှားမှုကို နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံခြားအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းအချို့က အားပေးအားမြှောက်ပြုကာ ပါဝင်ပတ်သက်နေသည် ဟုလည်း ဆိုသည်။

သို့သော် မည်သည့်ပါတီ၊ မည်သည့် အဖွဲ့အစည်းများဖြစ်သည်ဟု ၀န်ကြီးက တိတိကျကျ ပြောဆိုခဲ့ခြင်းမရှိဘဲ ဆန္ဒပြလှုပ်ရှားမှုတွင် 'အသက်အရွယ်ကြီးရင့်သူတွေ၊ ကျောင်းသားမဟုတ်တော့တဲ့ သူတွေ၊ အိမ်ထောင်သည်တွေတောင် ပါဝင်နေတာကို တွေ့ရှိရပါတယ်' ဟုသာ ပြောဆိုသည်။

ကျောင်းသားလှုပ်ရှားမှုကို နောက်ကွယ်က ကြိုးကိုင်နေသည်ဟူသည့် ၀န်ကြီး၏ ပြောဆိုချက်သည် အကြမ်းဖက်ဖြေရှင်းမှုမပြုခင် သတိပေးစကားသဖွယ်ဖြစ်နေသောကြောင့် ကျောင်းသားများအတွက် စိုးရိမ်စရာဖြစ်ပြီး အကြမ်းဖက်ဖြေရှင်းပါက ယခုအစိုးရလည်း နာမည်ဆိုးဖြင့် ကျော်ကြားဦးမည်ဟု Equality Myanmar မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။

'ကျောင်းသားတွေ လမ်းပေါ်ထွက်အောင် လှုံ့ဆော်တာက အစိုးရကိုယ်တိုင်ပဲဗျ။ ဒီဥပဒေကို သူတို့မကြိုက်ဘူး လို့ အစောကတည်းက ပြောတာကို လျစ်လျူရှုခဲ့တာကိုး။ ဒီလိုထုတ်ပြောလာပြီဆိုရင် စိုးရိမ်စရာတော့ ရှိတယ် ဗျ။ အရင်ဆုံး စွပ်စွဲပြောဆိုမယ်။ နောက်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်နေပြီလို့ကြေငြာပြီး အကြမ်းဖက်ဖြေရှင်းခဲ့ တာက ခဲမှန်ဖူးတဲ့စာသူငယ်လိုပဲ ကျွန်တော်စိုးရိမ်မိတယ်' ဦးအောင်မျိုးမင်းက ပြောသည်။

ဝန်ကြီးကမူ အဆိုပါ ကျောင်းသားလှုပ်ရှားမှုကို အစွန်းရောက်ပါဒီသမား(ဟောင်း)များက နောက်ကွယ်က ကြိုးကိုင် နေပြီး 'သူတို့ရဲ့သားသမီးတွေကို မျိုးဆက်သစ်အဖြစ် မွေးထုတ်ဦးဆောင်စေကာ သူတို့ရဲ့ ထိပ်တိုက် ရင်ဆိုင်ဖြေ ရှင်းတဲ့နည်း၊ တောင်းယူတိုက်ယူတဲ့နည်းတွေ ကျင့်သုံးလာတာ တွေ့ရပါတယ်' ဟုလည်း ၀န်ကြီးက ပြောဆိုခဲ့သေးသည်။

သို့သော်လည်း ဆန္ဒပြကျောင်းသားများအပေါ် တရားဥပဒေအရ အရေးယူသွားမည်မဟုတ်ဘဲ 'အတိတ်က ကြုံတွေ့ခဲ့ပြီးတဲ့ ဆူပူမှုအရေးအခင်းကြီးတွေ ထပ်မံမဖြစ်ပွားဖို့ အရေးကြီးပါတယ်' ဟု ၁၉၈၈ခုနှစ်က စစ်အစိုးရ၏ အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းခဲ့မှုကြောင့် ကျောင်းသားများသွေးမြေကျခဲ့ရသည့် ကျောင်းသား အရေးအခင်းကို ရည်ညွှန်းပြီး ၀န်ကြီးက ပြောသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန့်ကျင်နေ သည့် မန္တလေး၊ ပုသိမ်၊ ပခုက္ကူနှင့် မုံရွာစသည်တို့မှ ထွက်ခွာလာသည့် ကျောင်းသားများ၏ သပိတ်စစ်ကြော င်းသည် သက်ဆိုင်ရာအာဏာပိုင်များ၏ ဟန့်တားမှုကြားကပင် မကြာခင်ရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ စုဝေးရောက်ရှိလာတော့မည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနကလည်း ကျောင်းသားများ၏ သပိတ်မှောက်စစ်ကြောင်းများကိုရပ်နားပြီး သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသားများကိုလည်း သက်ဆိုင်ရာ ကျောင်းသားမိဘများက လိုက်လံခေါ်ယူကြရန် ပန်ကြားထားသည်။

No comments: