သီဟကိုကို
နေပြည်တော် ဒေသကို MICE (Meet-ing, Incentive, Conference, Exhibition) ဈေးကွက် တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က ပြောကြားခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် နေပြည်တော် ဟိုတယ်ဇုန်မှ တာဝန်ရှိသူများ ပူးပေါင်းကာ နေပြည်တော်ဒေသအား အစည်းအဝေးများ၊ ညီလာခံများ၊ ကုန်စည်ပြပွဲများ ကျင်းပပြုလုပ်ရာ ဈေးကွက်အဖြစ် ဖွံ့ဖြိုးလာစေရေးအတွက် ဖေဖော်ဝါရီ ၁၈ ရက်တွင် ညှိနှိုင်းဆွေးနွေးခဲ့သည်။
နေပြည်တော်ဒေသကို MICE Tourism Market အဖြစ် ဆောင်ရွက်ရေးအတွက် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နိုင်ငံတကာ အဆင့်မီဟိုတယ်၊ အခြေခံ အဆောက်အအုံများ၊ ပြည့်စုံနေပြီ ဖြစ်ပြီး အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်မှုဆိုင်ရာ ပြပွဲများကို လက်ခံကျင်းပနိုင်ရန် Central Organizing Office ဖွဲ့စည်း ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောသည်။
ထို့ပြင် လွှတ်တော်အဆောက်အအုံကို သွားရောက်လည်ပတ်ခြင်း၊ လေကြောင်းလိုင်းများမှ Fam Trip ခရီးစဉ်များ စီစဉ်ပေးခြင်း၊ ရန်ကုန်-မန္တလေးသို့ သွားလာမည့် ပြည်တွင်း ခရီးသည်များကို နေပြည်တော်တွင် ဝင်ရောက်လည်ပတ်နိုင်ရန် ခရီးစဉ်များ စီစဉ်ပေးခြင်းစသည့် အစီအစဉ်များကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။
နေပြည်တော်တွင် ပြည်တွင်းဟိုတယ်များအပြင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်များဖြစ်သည့် ဟီတန်၊ ကင်ပင်စကီ၊ နိုဗိုတယ် စသည့် ဟိုတယ်များ ဖွင့်လှစ်ထားသည်။ နေပြည်တော်သို့ နိုင်ငံတော်အဆင့် အစည်းအဝေးများ၊ ကျောက်မျက်ရတနာပြပွဲများ ရှိသည့်အချိန်တွင်သာ နိုင်ငံခြားခရီးသည်များ ဝင်ရောက်မှု များပြားလေ့ရှိပြီး ပြည်တွင်း ခရီးသွားများမှာလည်း သွားရောက်လည်ပတ်မှု နည်းပါးနေသေးသည်။
လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်တွင် လေကြောင်းလိုင်းများ အခြေပြုပျံသန်းရန် လက်ခံ နိုင်ခြင်းမရှိသည့်အတွက် လေကြောင်းလိုင်း အသစ်များသည် နေပြည်တော် လေဆိပ်တွင်သာ အခြေပြုပျံသန်းပြေးဆွဲရမည်ဖြစ်ပြီး အသစ်ခွင့် ပြုထားသည့် လေကြောင်းလိုင်း သစ်များဖြစ်သော အေပက်၊ အက်ဖ်အမ်အိုင် လေကြောင်းလိုင်းများသည် နေပြည်တော် လေဆိပ်၌ အခြေပြုပျံသန်းမည် ဖြစ်သည်။ ဟု ထုတ်ပြန်ထားသည်။
No comments:
Post a Comment